စလင်း ဒီဇင်ဘာ ၅
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် မြို့နယ်အဆင့် လူရည်ချွန်ရွေးချယ်ရေး ဒုတိယနေ့စစ်ဆေးခြင်းကို ယနေ့နံနက် ၉ နာရီအချိန်မှစတင်၍ စလင်းမြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ လူရည်ချွန်ရွေးချယ်ရေး စစ်ဆေးခြင်းကို စလင်းမြို့နယ်ပညာရေးမှူး ဦးသိန်းဌေးနှင့် ဦးမောင်မောင်သန်း၊ ကျောင်းအုပ်ဆရာကြီး ဦးအောင်မြင့်ထွန်းတို့မှ အနီးကပ်ကြီးကြပ်၍ အခြေခံပညာကျောင်းများမှ ကျောင်းအုပ်ဆရာမကြီးများက ကြီးကြပ်ရေးမှူးများအဖြစ်ဆောင်ရွက်၍ မြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်းကျောင်းများနှင့် ကိုယ်ပိုင်အထက်တန်းကျောင်းများမှ အထက်တန်းအဆင့် ကျောင်းသား/ ကျောင်းသူ (၄၁) ဦးတို့မှ ဝင်ရောက်ယှဥ်ပြိုင် ဖြေဆိုကြမည်ဖြစ်ကြောင်း သိရသည်။
စလင်းမြို့နယ်အဆင့် လူရည်ချွန်ရွေးချယ်ရေးစစ်ဆေးခြင်းကို ဒီဇင်ဘာ(၄)ရက်နေ့တွင် မြန်မာစာနှင့်အင်္ဂလိပ်စာဘာသာရပ်အား စစ်ဆေးခဲ့ပြီး ယနေ့နံနက် (၉)နာရီအချိန်မှစတင်ကာ အထွေထွေဗဟုသုတအဖြစ် Grade-9 ကျောင်းသား၊ ကျောင်းသူများအား ၉ နာရီမှ ၁၀ နာရီ ၃၀ မိနစ်အချိန်အထိ Grade-10၊ Grade-11၊ Grade-12 ကျောင်းသား၊ ကျောင်းသူများကို နံနက် ၉ နာရီမှ ၁၁ နာရီအချိန်အထိ ဖြေဆိုကြရမည်ဖြစ်ပြီး နေ့လယ်ပိုင်းတွင် လူတွေ့နှုတ်ဖြေနှင့် ကိုယ်ကာယကြံ့ခိုင်မှုစစ်ဆေးခြင်းကို ဆောင်ရွက်သွားမည်ဖြစ်ရာ ရွေးချယ်ခံရသည့် ကျောင်းသား၊ ကျောင်းသူများအား ခရိုင်အဆင့်လူရည်ချွန်ရွေးချယ်ပွဲတွင် ဆက်လက်ယှဥ်ပြိုင်သွားရမည်ဖြစ်ကြောင်း သိရသည်။ လူရည်ချွန်ရွေးချယ်ဖြေဆိုရန် စာရင်းပေးပို့ (၄၁)ဦးရှိခဲ့ရာမှ (၇)ဦးပျက်ကွက်ခဲ့၍ ကျောင်းသား၊ ကျောင်းသူ (၃၄)ဦးသာ ဝင်ရောက်ယှဥ်ပြိုင် ဖြေဆိုကြကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
(မောင်လွင်)စလင်း