လိပ်သိုမြို့ တိုက်နယ်ကျန်းမာရေးဌာန၌ ကိုယ်ဝန်ဆောင်မိခင်များအား ကျန်းမာရေးစောင့်ရှောက်ပေးမှုလုပ်ငန်း ဆောင်ရွက်

လိပ်သို ဒီဇင်ဘာ ၅

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ရှိ တိုက်နယ်ကျန်းမာရေးဌာနသည် ဒေသနေပြည်သူများ၊ ကျန်းမာရေးဗဟုသုတရရှိစေရန်နှင့် ကူးစက်ရောဂါတို့မှ ကင်းဝေးစေရန်ရည်ရွယ်၍ ကျန်းမာရေးစောင့်ရှောက်ပေးမှုလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက် ၉ နာရီက လိပ်သိုတိုက်နယ် ကျန်းမာရေးဌာန၌ မြို့ပေါ်/ ရပ်ကွက်များနှင့် ကျေးရွာအုပ်စုများရှိ ကိုယ်ဝန်ဆောင်မိခင်များအား ကျန်းမာရေးစောင့်ရှောက်ပေးမှုလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါလုပ်ငန်းတွင် တိုက်နယ်ကျန်းမာရေးဌာနမှ ဝန်ထမ်းများက ကိုယ်ဝန်ဆောင်မိခင်များအား ကိုယ်ဝန်စောင့်ရှောက်မှုကို စနစ်တကျခံယူရန်၊ မိမိကြိုက်နှစ်သက်ရာ အစားအစာများကို ရွေးချယ်စားသုံးခြင်းမပြုဘဲ အစာအဟာရ (၃) အုပ်စုကို မျှတပြည့်၀စွာ စားသုံးရန် စသည့် ကျန်းမာရေးအကြောင်း သိကောင်းစရာများကိုလည်းကောင်း၊ ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးနှင့်ပတ်သက်၍ ရှောင်ရန်၊ ဆောင်ရန်အချက်များ စသည်ဖြင့် အသိပညာပေးဆွေးနွေးခြင်း၊ ကိုယ်ဝန်ဆောင်မိခင်များအား မေးခိုင်ရောဂါနှင့်ဆုံဆို့နာရောဂါကာကွယ်ဆေးများ ထိုးပေးခြင်း၊ Mebendazole ၅၀၀mg သံချဆေးတိုက်ကျွေးပေးခြင်း၊ ကိုယ်အလေးချိန်ချိန်ပေးခြင်း၊ အရပ်တိုင်းပေးခြင်းနှင့် သွေးပေါင်ချိန်များတိုင်းတာပေးခြင်း စသည့် လိုအပ်သောကျန်းမာရေးစောင့်ရှောက်ပေးမှုလုပ်ငန်းများကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ခင်လေးနွယ်