မင်းဘူး ဒီဇင်ဘာ ၅
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် လူငယ်ရေးရာကော်မတီအဖွဲ့တို့ ပူးပေါင်းပြီး ကျောင်းသား၊ ကျောင်းသူများ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ယမန်နေ့ နံနက် ၁၁ နာရီက မင်းဘူး(စကု)မြို့နယ် ဆင်ခေါင်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်း၌ လူငယ်စကားဝိုင်းဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မင်းဘူး(စကု)မြို့နယ် ဆင်ခေါင်းကျေးရွာအခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီးကိုယ်စား ဆရာမ ဒေါ်တင်နွဲ့ရီ(အထက်တန်းပြ)က ကျောင်းသား၊ ကျောင်းသူများ ဗလငါးတန်ဖွံ့ဖြိုးပြီး ဘက်စုံထူးချွန်သော လူတော်လူကောင်းများဖြစ်လာစေရန်အတွက် လူငယ်စကားဝိုင်းဆွေးနွေးပွဲ ကျင်းပဆောင်ရွက်ခြင်းဖြစ်၍ ဆွေးနွေးသည့် အကြောင်းအရာများကို ဂရုတစ်စိုက် လေ့လာမှတ်သားကြရန် ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ မင်းဘူးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးမျိုးမောင်မောင်ကျော်က လူငယ်စကားဝိုင်း ကျင်းပပြုလုပ်ရခြင်းနှင့်စပ်လျဉ်း၍ ပြောကြားရာတွင် လူငယ်များအနေဖြင့် လူငယ်စကားဝိုင်းမှ တစ်ဦးနှင့် တစ်ဦး အသိဉာဏ်ပညာများ မျှဝေခြင်းဖြင့် လူငယ်များအတွက် အသိပညာဗဟုသုတ တိုးပွားစေပြီး လူအများကြားတွင် ရဲဝံ့စွာဖြင့် စကားပြောဆိုတတ်စေခြင်း၊ ဦးဆောင်လိုစိတ်ရှိပြီး ယုံကြည်မှုအပြည့်ဖြင့် ပြောဆိုတတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်အတွက် လူငယ်စကားဝိုင်းများ ကျင်းပပြုလုပ်ပေးခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် လူငယ်စကားဝိုင်းကို ဆက်လက်ကျင်းပရာ လက်ထောက်ညွှန်ကြားရေးမှူး ဦးမျိုးမောင်မောင်ကျော်က ဦးဆောင်ဆွေးနွေးသူအဖြစ် ဆောင်ရွက်ပြီး ဆင်ခေါင်းကျေးရွာ(အ.ထ.က)ကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက “လူငယ်နှင့် ယဉ်ကျေးမှု၊ လူငယ်နှင့် ပညာရေး၊ လူငယ်နှင့် နည်းပညာ၊ လူငယ်နှင့် အားကစား၊ လူငယ်နှင့် စာရိတ္တ၊ လူငယ်နှင့် စာဖတ်ခြင်း” စသည့် ခေါင်းစဉ်များဖြင့် အပြန်အလှန် ဆွေးနွေးခဲ့ကြသည်။
အခမ်းအနားသို့ တက်ရောက်လာသည့် ကျောင်းသား၊ ကျောင်းသူများက ဆွေးနွေးသည့် ခေါင်းစဉ်များအပေါ် မိမိတို့ သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ကြရာ ဦးဆောင်ပါဝင်ဆွေးနွေးကြသူများက ပြန်လည်ရှင်းလင်း ဖြေကြားပေးခဲ့ကြကြောင်း သိရသည်။
လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)