ထားဝယ် ဒီဇင်ဘာ ၅
စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ အကောက်ခွန်ဦးစီးဌာနက မြန်မာအလိုအလျောက် ကုန်စည်ရှင်းလင်းရေးစနစ်အား ရှင်းလင်းတင်ပြခြင်းအခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းက ထားဝယ်မြို့၊ တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာအကောက်ခွန်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးဦးမောင်မောင်ထွေးဆွေက ပြတင်းတစ်ပေါက်စနစ် (Single Window - SW) ဆိုသည်မှာ ကုန်သွယ်မှုဆိုင်ရာစနစ်တစ်ခုဖြစ်ပြီး နိုင်ငံအတွင်းရှိ အစိုးရအဖွဲ့အစည်းများ၊ တရားဝင်အာဏာပိုင်များနှင့် ကုန်သွယ်ရေးလုပ်ငန်းများအကြား ဆက်သွယ်မှုများကိုတစ်နေရာတည်းမှာ အလွယ်တကူ ပြုလုပ်နိုင်စေရန် စနစ်တစ်ခုလုံးကို အလိုအလျောက်ဖွင့်လှစ်ပေးသော အချက်အလက်ဖလှယ်မှုစနစ်ဖြစ်ကြောင်း၊ အဓိကရည်ရွယ်ချက်များအနေဖြင့် ကူးသန်းရောင်းဝယ်မှုလုပ်ငန်းများအတွက် အချိန်ချွေတာမှုနှင့် စရိတ်သက်သာစေရန်၊ လုပ်ငန်းစဉ်များ၏ ထိရောက်မှုမြှင့်တင်ပြီး လုပ်ငန်းဆောင်ရွက်သူများ ကျေနပ်မှုရရှိစေရန်၊ အရင်းအမြစ်များကို ထိရောက်စွာ စီမံခန့်ခွဲနိုင်စေရန်ဖြစ်ကြောင်း၊ စနစ်ဖြစ်ပေါ်လာပုံနှင့် အကောင်အထည်ဖော်ဆောင်မှု၊ MACCS စနစ်ကို အကောင်အထည်ဖော် ဆောင်ရွက်ခြင်းဖြင့် ရရှိနိုင်မည့်အကျိုးကျေးဇူးများအကြောင်း၊ MACCS ၏ သဘောသဘာဝ၊ MACCS Online Payment (MOPS)(e-Payment)၊ Real Time Informationi၊ မြိတ်မြို့နှင့် ကော့သောင်းမြို့တို့တွင် MACCS စနစ် တိုးချဲ့တပ်ဆင်ခြင်း စသည့်အကြောင်းအရာများကို ရှင်းလင်းတင်ပြသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးများနှင့်တာဝန်ရှိသူများက ဖြည့်စွက်ဆွေးနွေးပြောကြားသည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုက ကော့သောင်းမြို့နယ်သည် ရေကြောင်းဖြစ်သောကြောင့် ကုန်သွယ်မှုအနေဖြင့် မောတောင်နယ်စပ်ဂိတ်အား အမြဲတမ်းဂိတ်ဖြစ်အောင် ကြိုးစားဆောင်ရွက်လျက်ရှိကြောင်း၊ မောတောင်ဂိတ်မှ ရေထွက်ကုန်ပစ္စည်းများ တင်ပို့လျက်ရှိကြောင်း၊ ဂျင်း၊ ဂျင်းခရုနေ့စဉ်တင်ပို့လျက်ရှိပြီး ကင်းမွန်၊ ဂဏာန်းအပါအဝင် ပင်လယ်ထုတ်ကုန်များ သွားလာတင်ပို့လျက်ရှိကြောင်း၊ MACCS စနစ် ဆောင်ရွက်နိုင်ရေးအတွက် MPT အင်တာနက်လိုင်းများရရှိရန် လိုအပ်ပါကြောင်းနှင့် လိုအပ်သည်များကို တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် ပံ့ပိုးကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)