တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး (၁၆) ရက်တာလှုပ်ရှားမှု အထိမ်းအမှတ်အခမ်းအနားသို့ တက်ရောက်

ထားဝယ် ဒီဇင်ဘာ ၅

အမျိုးသမီးများအပေါ် အကြမ်းဖက်မှုရပ်တန့်ဖို့ အားလုံးပေါင်းစုကြိုးပမ်းလို့ ဘေဂျင်းကြေညာစာတမ်းနှင့်လုပ်ငန်း စီမံချက်နှစ် (၃၀) ပြည့်ဆီ အရောက်လှမ်းစို့ဟူသည်ဆောင်ပုဒ်နှင့်အညီ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး (၁၆) ရက်တာလှုပ်ရှားမှု အထိမ်းအမှတ်အခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီ က တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ မြို့တော်ခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုက နိုင်ငံလူဦးရေ၏ ထက်ဝက်ကျော်မကသော အမျိုးသမီးထုကြီး၏ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ပေးခြင်း၊ အမျိုးသမီးများအပေါ်အကြမ်းဖက်မှုက ကာကွယ်ပေးခြင်းများသည် မိမိတို့နိုင်ငံ၏ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ရာတွင် အရေးကြီးသောအခန်းကဏ္ဍတွင် ပါဝင်နေပါကြောင်း၊ အမျိုးသမီးများနှင့် အမျိုးသမီးငယ်ရွယ်များအပေါ် အကြမ်းဖက်မှုလျော့နည်းပပျောက်ရေးကိစ္စကို နိုင်ငံတော်အဆင့် ဦးစားပေးကဏ္ဍတစ်ခု အဖြစ်သတ်မှတ်ပြီး အရှိန်အဟုန်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ ဒါ့အပြင် အမျိုးသမီးများနှင့် အမျိုးသမီးငယ်ရွယ်များအား လိင်ပိုင်းဆိုင်ရာနှင့် ကျား၊ မအခြေပြုအကြမ်းဖက်မှုများမှ ထိရောက်စွာကာကွယ်စောင့်ရှောက်မှု ပေးနိုင်ရေးအတွက် အမျိုးသမီးများအပေါ်အကြမ်းဖက်မှု တားဆီးကာကွယ်ရေးဥပဒေကိုလည်း အတည်ပြုပြဋ္ဌာန်းနိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ တနင်္သာရီတိုင်းဒေသကြီးအနေဖြင့် အကြမ်းဖက်ခံရသည့် အမျိုးသမီးများကို ယာယီလက်ခံစောင့်ရှောက်ပေးနိုင်ရေးအတွက် ထားဝယ်မြို့မှာ One Stop Women Support Center (OSWSC) တစ်ခုကို ဖွင့်လှစ်နိုင်ရေးအတွက် ဆောင်ရွက်သွားမှာဖြစ်ကြောင်း၊ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုများမှတားဆီးကာကွယ်ရေး လုပ်ငန်းစဉ်များကို အကောင်အထည်ဖော်ဆောင်ရွက်သည့်အခါ မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီ၏ဦးဆောင်မှုနှင့်အတူ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ် အမျိုးသမီးကော်မတီများ၊ အမျိုးသမီးအဖွဲ့အစည်းများနှင့် မိတ်ဖက်အဖွဲ့အစည်းများအနေဖြင့် ယခုနှစ်ရဲ့ ဆောင်ပုဒ်နှင့်အညီ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုရပ်တန့်ဖို့ အားလုံးပေါင်းစုကြိုးပမ်းပြီး ပိုမိုမြှင့်တင်ဖော်ဆောင်သွားကြရန် လိုအပ်ကြောင်း ပြောကြားသည်။

ထို့နောက် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေးဆိုင်ရာ ဆောင်ရွက်ချက်များမှတ်တမ်းဗီဒီယိုနှင့် ထားဝယ်မူလတန်းကြိုကျောင်းမှ သားငယ်/ သမီးငယ်များက အလှကမ္ဘာမြေ” တေးသီချင်းဖြင့် ဖျော်ဖြေတင်ဆက်နေမှုများအား တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးချုပ်၊ တိုင်းဒေသကြီးဝန်ကြီးများက ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)