ဘားအံ ဒီဇင်ဘာ ၅
“အေအိုင်ဒီအက်စ်ကင်းဝေးဖို့၊ သာတူညီမျှအလေးပေးလို့၊ အားလုံးဝိုင်းဝန်းပံ့ပိုးစို့” ဆောင်ပုဒ်ဖြင့် ၂၀၂၄ ခုနှစ် ပြည်နယ်အဆင့် ကမ္ဘာ့ခုခံအားကျဆင်းမှုကူးစက်ရောဂါတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီက ဘားအံမြို့၊ ဇွဲကပင်ခန်းမ၌ ကျင်းပသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက ပြည်သူ့ကျန်းမာရေးဝန်ထမ်းများ၊ NGO/ INGO အဖွဲ့အစည်းများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် အိပ်ချ်အိုင်ဗွီပိုးရှိသူများအပါအဝင် ပြည်သူလူထုတစ်ရပ်လုံးက နိုးကြားတက်ကြွသည့် စိတ်ဓါတ်များနှင့်ပူးပေါင်းပါဝင်ပြီး ခုခံအားကျဆင်းမှုကူးစက်ရောဂါကို ပြည်သူ့ကျန်းမာရေးပြဿနာအဖြစ်မှ လုံးဝကင်းစင်ပပျောက်သွားသည်အထိ ကြိုးပမ်းဆောင်ရွက်သွားကြရန် တိုက်တွန်းပြောကြားပြီး ကမ္ဘာ့ခုခံအားကျဆင်းမှု ကူးစက်ရောဂါတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အခမ်းအနားမှတ်တမ်း Video Clip ကို အခမ်းအနားသို့ တက်ရောက်လာသူများနှင့်အတူ ကြည့်ရှုအားပေးသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့နာယက၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များက ကမ္ဘာ့ခုခံအားကျဆင်းမှုကူးစက်ရောဂါတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အခြေခံပညာအထက်တန်း၊ အလယ်တန်း၊ မူလတန်းအဆင့် စာစီစာကုံး၊ ပိုစတာ၊ ပန်းချီ ပြိုင်ပွဲ များတွင် ပထမ၊ ဒုတိယ၊ တတိယ ဆုရရှိကြသူများအား ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ကြပြီး စုပေါင်းမှတ်တမ်းဓာတ်ပုံများ ရိုက်ကူးကြသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် အခမ်းအနားသို့ တက်ရောက်လာသူများအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်၍ ကမ္ဘာ့ခုခံအားကျဆင်းမှု ကူးစက်ရောဂါဆိုင်ရာ ဉာဏ်စမ်းပဟေဋ္ဌိ ဖြေဆိုမှန်ကန်သူများအား လက်ဆောင်ပစ္စည်းများ ပေးအပ်ချီးမြှင့်ပြီး ခင်းကျင်းပြသထားသော ခုခံအားကျဆင်းမှုကူးစက်ရောဂါနှင့်ကာလ သားရောဂါတိုက်ဖျက်ရေးလုပ်ငန်းဆောင်ရွက်ချက်မှတ်တမ်းဓာတ်ပုံများ၊ ဆုရစာစီစာကုံး၊ ပိုစတာ၊ ပန်းချီလက်ရာများ၊ ခုခံအားကျဆင်းမှုကူးစက်ရောဂါနှင့် ကာလသားရောဂါတိုက်ဖျက်ရေးစီမံချက်တွင် လက်ရှိအသုံးပြုနေသော ART ဆေးဝါးများကို လှည့်လည်ကြည့်ရှုအားပေးသည်။
ကရင်ပြည်နယ်တွင် ၂၀၁၇ ခုနှစ်မှ ယနေ့ထိ လူဦးရေ ၃၄၇၂၅၄ ဦးကို စစ်ဆေးမှုပေးနိုင်ခဲ့ပြီး ပိုးတွေ့သူများ အားကုသမှုပေးနိုင်ခဲ့ကာ ရောဂါပိုးကူးစက်ခံရသူအသစ်များ ဆက်လက်တွေ့ရှိနေရဆဲဖြစ်ကြောင်းနှင့် ၂၀၂၃ ခုနှစ်တွင် ကိုယ်ဝန်ဆောင်ဦးရေ ၁၇၂၃၃ ဦးကို အိပ်အိုင်ချ်ဗွီနှင့် ဆစ်ဖလစ်ရှိ/ မရှိ စစ်ဆေးပေးနိုင်ခဲ့ပြီး အိပ်အိုင်ချ်ဗွီပိုးတွေ့ ကိုယ်ဝန်ဆောင်မိခင် ၄၉ ဦးနှင့် ဆစ်ဖလစ်ပိုးရှိ ကိုယ်ဝန်ဆောင်မိခင် ၉၁ ဦးကို ဆေးကုသမှုပေးနိုင်ခဲ့ကြောင်း ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)