ထားဝယ် ဒီဇင်ဘာ ၅
၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အတွင်း တိုင်းဒေသကြီးဘဏ္ဍာရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသည့် တည်ဆောက်ရေးလုပ်ငန်းများ သတ်မှတ်ကာလအတွင်း ပြီးစီးရေးနှင့် သတ်မှတ်စံချိန်စံညွှန်းပြည့်မီစေရေး ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် ၉ နာရီခွဲ က ထားဝယ်မြို့၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး ၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုက ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အတွင်း၊ နိုင်ငံတော်က ခွဲဝေသတ်မှတ်ထားသည့် သာမာန်၊ ငွေလုံးငွေရင်းအသုံးစရိတ်နှင့် ဆောင်ရွက်ရမည့်လုပ်ငန်းများနှင့်ပတ်သက်၍ ဆောင်ရွက်နေသည့်လုပ်ငန်းများ၊ ဆောင်ရွက်ပေးရမည့် လုပ်ငန်းများအား သိရှိနိုင်ရန်အတွက် အစည်းအဝေးခေါ်ယူရခြင်းဖြစ်ကြောင်း၊ ဌာနဆိုင်ရာများ တာဝန်ယူဆောင်ရွက်နေသည့် လုပ်ငန်းများ၊ ကုမ္ပဏီ၊ လုပ်ငန်းရှင်များက ဆောင်ရွက်နေသည့်လုပ်ငန်းများ အချိန်မီပြီးစီးနိုင်ရေးအတွက်ကို လုပ်သင့်လုပ်ထိုက်သည်များ ဆောင်ရွက်ထားရှိရန်လိုအပ်ကြောင်း၊ ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ လုပ်ငန်းများ အချိန်မီပြီးစီးရေးအတွက် သက်ဆိုင်ရာဌာနဆိုင်ရာအကြီးအကဲများက ကြီးကြပ်၍ လုပ်ကိုင်ဆောင်ရွက်ပေးစေလိုကြောင်း၊ တိုင်းဒေသကြီးအတွင်း ဒေသဖွံဖြိုးရေးအတွက် လိုအပ်သည်များကို တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိပြီး လုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်သည့်အခါတွင် ဝိုင်းဝန်းပြီး အနီးကပ်ကြီးကြပ်ဆောက်ရွက်ပေးရန် လိုအပ်ကြောင်း ပြောကြားသည်။
ထို့နောက် ဌာနဆိုင်ရာတာဝန်ရှိသူများက ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်၊ ပြည်ထောင်စု/ တိုင်းဒေသကြီးရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသည့် တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုအခြေအနေများ၊ ဆောင်ရွက်နေဆဲလုပ်ငန်းများ၊ ရှေ့ဆက်ဆောင်ရွက်မည့်လုပ်ငန်းများအား ရှင်းလင်းဆွေးနွေးတင်ပြကြသည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးများက ဖြည့်စွက်ဆွေးနွေးခဲ့ကြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က ဆွေးနွေးတင်ပြချက်များအပေါ် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)