ကန့်ဘလူ ဒီဇင်ဘာ ၅
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် ဆီထွက်သီးနှံစုံ စုစုပေါင်း ၁၈၈၀၀၀ ဧကကျော် စိုက်ပျိုးပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။
ကန့်ဘလူမြို့နယ်အတွင်း ဆောင်းသီးနှံစုံ ဆီထွက်သီးနှံများဖြစ်သည့် မြေပဲ၊ နှမ်း၊ နေကြာ၊ ပန်းနှမ်းနှင့်မုန်ညင်း စသည့်သီးနှံစုံ ၂၀၂၂၁၇ ဧကကို ယခုနှစ် စက်တင်ဘာလက စတင်စိုက်ပျိုးခဲ့ရာတွင် မြေပဲ ၈၇၈၀၃ ဧက၊ နှမ်း ၉၅၇၁၅ ဧက၊ နေကြာ ၁၉၂၇ ဧက၊ ပန်းနှမ်း ၂၀၃၃ ဧကနှင့် မုန်ညင်း ၅၃၂ ဧက စုစုပေါင်း ၁၈၈၀၁၀ ဧက စိုက်ပျိုးပြီးစီးနေပြီဖြစ်သည်။
ဒီနှစ် ဆောင်းသီးနှံစိုက်ရာသီတွင် ဆီထွက်သီးနှံစိုက်ပျိုးမှုက ကန့်ဘလူမြို့နယ်မှာ မိုးရာသီနဲ့ဆောင်းရာသီ သီးနှံတွေစိုက်ပျိုးချိန်မှာ စိုက်ကြပါတယ်။ ဒီနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီမှာ ဆီထွက်သီးနှံစုံ နှစ်သိန်းနှစ်ထောင်ကျော် စိုက်ပျိုးဖို့ လျာထားတဲ့နေရာမှာ နိုဝင်ဘာ ၃၀ ရက်နေ့အထိ တစ်သိန်းရှစ်သောင်းကျော် စိုက်ပျိုးပြီးစီးနေပါပြီ။ မြို့နယ်အတွင်း စားသုံးဆီဖူလုံစေဖို့ စိုက်ပျိုးရေးဦးစီးဌာနက ဘဏ္ဍာနှစ်အလိုက်၊ ဆီထွက်သီးနှံအမျိုးအစားအလိုက် မျိုးကောင်းမျိုးသန့်ရရှိရေး၊ စိုက်ပျိုးရေး နည်းပညာတွေ၊ ရိတ်သိမ်းချိန်လွန်နည်းပညာတွေကို ဖြန့်ဖြူးပေးလျက်ရှိပါတယ်။ ဆီထွက်သီးနှံတွေစိုက်ပျိုးနေခြင်းဟာ မြို့နယ်အတွင်းသာမက ပြည်တွင်းရှိ စားသုံးသူတွေ ဆီဖူလုံမှုရှိစေရေးအတွက် စိုက်ပျိုးခြင်းဖြစ်ပါတယ် ” ဟု မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးကပြောပြသည်။
မြို့နယ်အတွင်းရှိ ဒေသခံတောင်သူများသည် စိုက်ပျိုးရေးကို အဓိကထားလုပ်ကိုင် ဆောင်ရွက်လျက်ရှိရာ တစ်နှစ်ထက်တစ်နှစ် ပိုမိုစိုက်ပျိုးပြီး အထွက်နှုန်းကောင်းမွန်ရေး၊ စီးပွားရေတွက် ခြေကိုက်သည့်သီးနှံများ ရွေးချယ်စိုက်ပျိုးခြင်းများနှင့် စိုက်ပျိုးရေးနည်းပညာများကိုမူ စိုက်ပျိုးရေးပညာများနှင့် ဆွေးနွေးတိုင်ပင်ကာ ရာသီအလိုက် သီးနှံများကို တိုးချဲ့စိုက်ပျိုး လုပ်ကိုင်လျက်ရှိကြောင်း သိရသည်။
အောင်ဝင်းငြိမ်း(ပြန်/ဆက်)