ကလေးမြို့ အမှတ်(၈) အခြေခံပညာအထက်တန်းကျောင်းတွင် လူငယ်စကားဝိုင်းကျင်းပ

ကလေး ဒီဇင်ဘာ ၅

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့၌  ကလေးခရိုင် ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံ‌ရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့် ကျောင်းသား၊ ကျောင်းသူများ၏ လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ဒီဇင်ဘာလ(၃)ရက်နေ့ နံနက်ပိုင်းက အမှတ်(၈) အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပခဲ့သည်။

ရှေးဦးစွာ ကလေးမြို့ အမှတ်(၈)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီးက အမှာစကားပြောကြားခဲ့ပြီး ကလေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှုး ဦးတွာလ်ဆွင်းဗန်က လူငယ်များ စာဖတ်သည့် အလေ့အကျင့်ကောင်းများဖြင့် အချိန်ကိုအကျိုးရှိစွာ အသုံးပြု၍ စဉ်းစားတွေးခေါ်မှု စွမ်းရည်မြင့်မားပြီး ဗလငါးတန်ဖွံ့ဖြိုးလာစေရန်နှင့် လူငယ်စကားဝိုင်းကျင်းခြင်း၏ ရည်ရွယ်ချက်များကို ဆွေးနွေးပြောကြားခဲ့သည်။

ထို့နောက် ကလေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးထွန်းမင်းအောင်ကဦးဆောင်၍ လူငယ်စကားဝိုင်းကိုစတင်ခဲ့ရာ Grade-11 မှ မဆုသွန်းဝတီ‌ဇော်က လူငယ်နှင့်မျိုးချစ်စိတ်ဓာတ်၊ Grade-11 မှ မအိမ့်စည်ဌေးဝင်းက လူငယ်နှင့်ခေါင်းဆောင်မှု၊ Grade-10 မှ မောင်အောင်သူမြင့်က လူငယ်နှင့်ပညာရေး၊ Grade-10 မှ မောင်ဝင်းသီဟဇော်က လူငယ်နှင့် ယဉ်ကျေးမှု စသည့်အကြောင်းအရာများကို ဆွေးနွေးခဲ့ကြပြီး တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများက ခေါင်းစဉ်များအလိုက် အားနည်းချက်၊ အားသာချက်များကို ဆွေးနွေးခဲ့ကြသည်။

ထို့နောက် ဆွေးနွေးခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူများကို ကလေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးက ဂုဏ်ပြုလက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ပြီး အခမ်းအနားအပြီးတွင် ကျောင်းသား/ကျောင်းသူများမှ ခင်းကျင်းပြသထားသည့် စာအုပ်စာစောင်များကို စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြသည်။ အဆိုပါအခမ်းအနားသို့ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)