ဒီးမော့ဆို နိုဝင်ဘာ ၂၇
ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ် ဆောင်ဒူလာကျေးရွာအုပ်စု ပတိုငံကျေးရွာတွင် နိုဝင်ဘာလ ၂၄ ရက်နေ့က လူသတ်မှု ဖြစ်ပွား ခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ယမန်နေ့ နံနက် ၉ နာရီအချိန်တွင် ဒီးမော့ဆိုမြို့နယ်၊ ဒီးမော့ဆို ကျေးရွာအုပ်စု၊ ခေါက်ပလော့ကျေးရွာနေ မောင်ဆိုတေရို မှ ဒီးမော့ဆိုမြို့နယ်ရဲစခန်းသို့ ရောက်ရှိလာပြီး ၄င်း၏ ဖခင်ဖြစ်သူ ဦးခွန်စိုးနိုင်သည် နိုဝင်ဘာလ ၂၄ ရက်နေ့ ည ၇ နာရီအချိန်တွင် ပတိုငံကျေးရွာသို့ ထွက်ခွာသွားရာမှ ယမန်နေ့အထိ ပြန်လည်ရောက်ရှိလာခြင်းမရှိကြောင်း နှင့် ဆက်သွယ်၍ မရရှိခြင်း ဖြစ်ကြောင်း လာရောက်တိုင်တန်းခဲ့သည်။
ထို့နောက် ဒီးမော့ဆိုမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး စိုးသန်း၏ အနီးကပ် ကြီးကြပ်မှုဖြင့် စခန်းမှူး ဒုရဲမှူး အနိုင်၊ နယ်ထိန်းခေါင်းဆောင် ရဲအုပ် အောင်ချမ်းမွန် ဦးစီးအဖွဲ့မှ ပတိုငံကျေးရွာသို့ သွားရောက်စုံစမ်းပြီး နိုဝင်ဘာလ ၂၄ ရက်နေ့ ည ၇ နာရီ အချိန်တွင် ဦးခွန်စိုးနိုင်သည် ပတိုငံကျေးရွာနေ ဦးပီတာ(ခ)ပီတယ်မီရယ်၊ ဦးဘိုးရယ်(ခ)ရီးနို၊ ဦးဘီဗျားနို နှင့် ဦးဆိုတေးရို(ခ)နဲနယ် တို့နှင့်အတူ အရက်သောက်စားရာမှ ဦးခွန်စိုးနိုင်အား ပတိုငံကျေးရွာနေ ဒေါ်မေရီ နှင့် လူမှုရေးဖောက်ပြန်မှုအပေါ် ရိုးရာဓလေ့အရ ဝန်ချ တောင်းပန်ရန်နှင့် ကျေးရွာအား ဆေးကြောပေးရန် ပြောဆိုမှုမှ စကားများရန်ဖြစ်ခဲ့ကြ၍ ဝိုင်းဝန်းထိုးကြိတ်ရိုက်နှက်ကာ ကျေးရွာ၏ အနောက်က်သို့ ဆွဲခေါ်သွားပြီး ဝိုင်းဝန်းထိုးကြိတ် ရိုက်နှက်ဒဏ်ရာဖြင့် ဦးခွန်စိုးနိုင် သေဆုံးသွားသဖြင့် ကျေးရွာ၏ အနောက်ဘက် (၂)မိုင်ခန့်အကွာ တောင်ခြေရှိ ဂူအတွင်းသို့ လွင့်ပစ်ခဲ့ကြောင်း လူသတ်မှုပေါ်ပေါက်ခဲ့သည်။
အဆိုပါ လူသတ်မှု ကျူးလွန်ခဲ့ကြသည့် တရားခံများအား နိုဝင်ဘာလ၂၆ ရက် နံနက် ၁၀ နာရီ ၅ မိနစ်အချိန်တွင် ဖမ်းဆီးရမိပြီး ဒီးမော့ဆိုမြို့နယ်ရဲစခန်းမှ အမှုဖွင့် အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။
မြို့နယ်(ပြန်/ဆက်)