ပွင့်ဖြူ ဒီဇင်ဘာ ၄
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် စည်ပင်သာယာရေးအဖွဲ့က ပလတ်စတစ်ပစ္စည်းများ အလွန်အကျွံ သုံးစွဲခြင်းကြောင့် ကြုံတွေ့ရမည့် သဘာဝပတ်ဝန်းကျင် ထိခိုက်မှုအန္တရာယ် လျော့နည်းစေရေးအတွက် ဈေးရောင်းဈေးဝယ် ပြည်သူများ သိရှိစေရန် ပလတ်စတစ်သုံးစွဲမှုလျှော့ချရေး အသိပညာပေးခြင်းကို ယမန်နေ့က ပွင့်ဖြူမြို့မစည်ပင်သာယာဈေး၌ ကွင်းဆင်း ဆောင်ရွက်ခဲ့သည်။
ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ဝန်ထမ်းများက မြို့နယ်စည်ပင်သာယာရေး ကော်မတီ အဖွဲ့ဝင်များ၊ စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများ၊ ဈေးကော်မတီဝင်များနှင့် ပူးပေါင်းပြီး ပွင့်ဖြူမြို့မစည်ပင် သာယာဈေး အတွင်း/ အပြင်ရှိ ဈေးရောင်းဈေးဝယ် ပြည်သူများကို တွေ့ဆုံကာ ဈေးရောင်းချရာတွင် သဘာဝပတ်ဝန်းကျင်ကို ဆိုးကျိုး ဖြစ်စေသည့် ပလတ်စတစ် ပစ္စည်းများကို သုံးစွဲခြင်း မပြုရန်နှင့် ပလတ်စတစ် အစားထိုး ပစ္စည်းများဖြစ်သည့် ငှက်ပျောဖက်၊ အင်ဖက်၊ စက္ကူတို့ဖြင့်သာ ထုပ်ပိုး ရောင်းချသွားကြရန်၊ ဈေးရောင်းဈေးဝယ်ရာတွင် လက်ဆွဲခြင်းများ တစ်ပါတည်း ယူဆောင်လာကြရန်၊ အစားအစာ ဘေးကင်းလုံခြုံစေရန် သန့်ရှင်းလတ်ဆတ်သော အသား/ငါး၊ အသီးအရွက်နှင့် စားကုန် ပစ္စည်းများကို စနစ်တကျ ရောင်းချကြရန်နှင့် ဈေးရောင်းပြီးချိန်တိုင်း ဈေးဆိုင်ခန်းဝန်းကျင် သန့်ရှင်းသပ်ရပ်မှုရှိစေရေး အလေးထား ဆောင်ရွက်ရန်တို့ကို အသိပညာပေး ရှင်းလင်းဆွေးနွေး ပြောကြားသည်။
ထို့နောက် ဌာနဆိုင်ရာ ဝန်ထမ်းများ ပူးပေါင်းအဖွဲ့က ပွင့်ဖြူမြို့မဈေးရှိ ဈေးရောင်းဈေးဝယ် ပြည်သူများကို သဘာဝပတ်ဝန်းကျင် ကာကွယ်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးပြီး ပလတ်စတစ်ပစ္စည်းသုံးစွဲမှု လျော့ချနိုင်ရေးအတွက် ပလတ်စတစ်ပစ္စည်း အစားထိုး အသုံးပြုနိုင်ရန် ငှက်ပျောဖက်၊ အင်ဖက်၊ ကြာဖက်၊ စက္ကူ တို့ကို အခမဲ့ ဖြန့်ဝေပေးခဲ့ကြကြောင်း သိရသည်။
လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )