ဒေးဒရဲ ဒီဇင်ဘာ ၃
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်အတွင်းရှိ ပြည်သူများ အခြေခံစားသောက်ကုန်များကို စျေးနှုန်းသက်သာစွာ ဝယ်ယူနိုင်ရန်နှင့် ကုန်စျေးနှုန်းများ တည်ငြိမ်စွာရောင်းချနိုင်စေရန်ရည်ရွယ်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်ကြီးကြပ်မှုဖြင့် မြို့နယ်ဌာနဆိုင်ရာများနှင့် လုပ်ငန်းရှင်များပူးပေါင်း၍ အခြေခံစားသောက်ကုန်များအား စျေးနှုန်းသက်သာစွာ ရောင်းချခြင်းအား ယနေ့နံနက်ပိုင်းက အမှတ်(၂)ရပ်ကွက်ရှိ အခွန်လွတ်စျေး၌ ကြက်သား၊ ငါးပုတ်သင်နှင့် ကြက်ဥ၊ ဘဲဥများအား ပြင်ပပေါက်စျေးထက် သက်သာသောနှုန်းထားဖြင့် ရောင်းချပေးခဲ့ကြောင်း သိရသည်။
အဆိုပါ အခြေခံစားသောက်ကုန်များအား ပြည်သူများလက်ဝယ်အရောက် စျေးနှုန်းသက်သာစွာရောင်းချမှုအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြသိန်းမောင်နှင့် အဖွဲ့ဝင်များဦးဆောင်မှုဖြင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနနှင့် မြို့နယ်စားသုံးသူရေးရာဦးစီးဌာနတို့ပူးပေါင်း၍ ကြက်သား (၁)ပိဿာလျှင် (၁၇၀၀၀)ကျပ်နှုန်း၊ ငါးပုတ်သင်(၁)ပိဿာလျှင် (၅၀၀၀)ကျပ်နှုန်း၊ ကြက်ဥတစ်လုံးလျှင် (၃၈၀)ကျပ်နှုန်းဖြင့် အလုံးရေ (၅၀၀)လုံးနှင့် ဘဲဥတစ်လုံးလျှင်(၅၀ဝ)ကျပ်နှုန်းဖြင့် အလုံးရေ(၅၀၀)လုံးတို့အား သက်သာသောစျေးနှုန်းဖြင့် ပြည်သူများလက်ဝယ်အရောက် ရောင်းချပေးခဲ့ကြောင်း သိရသည်။ ဒေးဒရဲမြို့နယ်တွင် ပြည်သူများ အခြေခံစားသောက်ကုန်များကို စျေးနှုန်းသက်သာစွာ ဝယ်ယူသုံးစွဲနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ လမ်းညွှန်မှုဖြင့် သက်ဆိုင်ရာဌာနများပူးပေါင်း၍ ဆန်၊ ဆီ၊ အသား၊ ငါး၊ ပုစွန်နှင့် ကြက်ဥ၊ ဘဲဥများကို စျေးနှုန်းချိုသာစွာ နေ့စဥ်ရောင်းချပေးသွားမည် ဖြစ်ကြောင်း သိရသည်။
အေဇာလင်း