မကွေး ဒီဇင်ဘာ ၄
မကွေးတိုင်းဒေသကြီး၊ ပတ်ဝန်းကျင်စီမံခန့်ခွဲမှုဆိုင်ရာကြီးကြပ်မှုကော်မတီ၏ ပဉ္စမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့က မကွေးတိုင်းဒေသကြီး၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးရုံးတွင် ပြုလုပ်သည်။
ရှေးဦးစွာ မကွေးတိုင်းဒေသကြီး၊ ပတ်ဝန်းကျင်စီမံခန့်ခွဲမှုဆိုင်ရာကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ သယံဇာတရေးရာဝန်ကြီး ဦးစိုင်းမြင့်အေးက ဆောင်ရွက်မည့်လုပ်ငန်းများနှင့် ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်းများနှင့် ပတ်သက်သည့် အချက်အလက်များအားဆွေးနွေး ပြောကြားခဲ့သည်။
ထို့နောက် မကွေးတိုင်းဒေသကြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးဇော်မိုးမှ ပတ်ဝန်းကျင်စီမံခန့်ခွဲမှုဆိုင်ရာကြီးကြပ်မှုကော်မတီ၏ လုပ်ငန်းစဉ်များအပေါ် ဆောင်ရွက်ထားရှိမှုအခြေအနေများ၊ မကွေးမြို့အား ပလတ်စတစ်ကင်းစင်သည့် မြို့တစ်မြို့အဖြစ် ဖော်ဆောင်နိုင်ရန်အတွက် ဆောင်ရွက်ထားရှိမှုအခြေအနေများ၊ တိုင်းဒေသကြီးအဆင့် သန့်ရှင်း၍စိမ်းလန်းစိုပြည်သောကျောင်းများ ဆုပေးအပ်ချီးမြှင့်နိုင်ရေး ဆောင်ရွက်ထားရှိမှုအခြေအနေများနှင့် မကွေးတိုင်းဒေသကြီးအတွင်း ပတ်ဝန်းကျင်စီမံခန့်ခွဲမှုကောင်းမွန်သော(နေရာဒေသ) ကျေးရွာဆုချီးမြှင့်နိုင်ရေး ဆောင်ရွက်မည့် အစီအမံများအား ရှင်းလင်းဆွေးနွေးတင်ပြခသည်။
ဆက်လက်ပြီး ပဉ္စမအကြိမ် ပတ်ဝန်းကျင်စီမံခန့်ခွဲမှုဆိုင်ရာကြီးကြပ်မှုကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး၏ အဆိုပြုဆုံးဖြတ်ရန်အချက်များကို တိုင်းဒေသကြီးပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မြတ်နိုးဝေက ရှင်းလင်းဆွေးနွေးတင်ပြခဲ့ပြီး တက်ရောက်လာကြသော ကော်မတီအဖွဲ့ဝင်များမှ အစည်းအဝေးဆုံးဖြတ်ချက်များအား အကြံပြုဆွေးနွေးခဲ့ကြပြီး ပတ်ဝန်းကျင်စီမံခန့်ခွဲမှုဆိုင်ရာကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ သယံဇာတရေးရာဝန်ကြီးက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။
အဆိုပါ အစည်းအဝေးသို့ ပတ်ဝန်းကျင်စီမံခန့်ခွဲမှုဆိုင်ရာကြီးကြပ်မှုကော်မတီအဖွဲ့ဝင်များ၊ အရပ်ဖက်အဖွဲ့အစည်းများ၊ ဈေးကော်မတီအဖွဲ့ဝင်များနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ အရာထမ်း၊အမှုထမ်းများ စုစုပေါင်း (၄၀)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
အောင်ကို(ဖန်ခါးမြေ)