နတ်မောက်မြို့၌ စာဖတ်ရှိန်မြှင့်တင်ရေး ရွေ့လျားစာကြည့်တိုက်မော်တော်ယာဉ်ဖြင့်  ကျောင်းသား/သူများအား စာအုပ်စာစောင်များ ငှားရမ်းပေး

နတ်မောက် ဒီဇင်ဘာ ၄

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား/သူများစာဖတ်ရှိန်မြှင့်မားပြီး အသိပညာဗဟုသုတိုးပွားစေရေးအတွက် ယမန်နေ့ နံနက် ၁၀ နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်း(အောင်ဆန်း)တွင် ရွေ့လျားစာကြည့်တိုက် မော်တော်ယာဉ်ဖြင့် ကျောင်းသား/သူများအား စာအုပ်စာစောင်များ ငှားရမ်းပေးခဲ့သည်။

အဆိုပါ ကျောင်းတွင် စာအုပ်စာစောင်များငှားရမ်းပေးရာ၌ ကျောင်းသား/သူများ အားလပ်ချိန်တွင် အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်၊ ကျောင်းစာအပြင်  ဗဟုသုတတိုးပွားစေရေးအတွက် ပြင်ပစာပေများကို လေ့လာဖတ်ရှုကြစေရန်ရည်ရွယ်၍ ကျောင်းသား/သူများဖတ်ရှုလေ့လာနိုင်ရန် သုတ/ရသမဂ္ဂဇင်းစသည့် စာအုပ်များငှားရမ်းပေးခဲ့ပြီး နှစ်ပတ်တစ်ကြိမ် စာအုပ်များပြန်လည်အပ်နှံခြင်းနှင့် အသစ်လဲလှယ်ထားရှိသော စာအုပ်များအား ထပ်မံငှားရမ်းပေးသွားမည်ဖြစ်သည်။

နတ်မောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြည်သူများစာပေအလွယ်တကူ ဖတ်ရှုနိုင်စေရေးအတွက် ရွေ့လျားစာကြည့်တိုက်မော်တော်ယာဉ်ဖြင့် ရပ်ကွက်၊ ဌာနဆိုင်ရာရုံးများနှင့် စာသင်ကျောင်းများသို့ အရောက်သွားကာ လိုက်လံငှားရမ်းပေးခြင်းဖြစ်ပြီး မြို့နယ်ပြည်သူ့စာကြည့်တိုက်တွင်လည်း မည်သူမဆိုအခမဲ့လာရောက်ငှားရမ်းဖတ်ရှုလေ့လာနိုင်ကြောင်း သိရသည်။  

မူမူစန်း