ကံမမြို့နယ်၌ ဆောင်းရာသီ စိုက်ပျိုးစရိတ်ချေးငွေများ (၅၀) ရာခိုင်နှုန်း ထုတ်ချေးပြီးစီး

ကံမ ဒီဇင်ဘာ ၄

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်တွင် တောင်သူများ စိုက်ပျိုးထုတ်လုပ်လုပ်မှု အဆင်ပြေစေရန်အတွက် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် ဆောင်းရာသီ စိုက်ပျိုးစရိတ် ချေးငွေများကို မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု (၁၈) အုပ်စုမှ ဘဏ်အဖွဲ့ဝင်တောင်သူများအား ထုတ်ချေးပေးလျက်ရှိရာ ယနေ့ နံနက် (၁၀) နာရီက ကျောက်စောင်းကျေးရွာအုပ်စုမှ တောင်သူ (၄၃) ဦးတို့၏ စိုက်ဧက (၁၅၂) ဧကအတွက် ဆောင်းရာသီ စိုက်ပျိုးစရိတ်ချေးငွေများကို ထုတ်ချေးပေးခဲ့ပြီး (၅၀) ရာခိုင်နှုန်း ထုတ်ချေးပြီးစီးပြီဖြစ်သည်။

ထိုသို့ ထုတ်ပေးရာတွင်  မြေပဲ၊ ပဲတီစိမ်း၊ မတ်ပဲ၊ ဘိုကိတ်အစရှိသည့်   စိုက်ပျိုးမြေ တစ်ဧကလျှင် တစ်သိန်းကျပ်နှုန်းဖြင့် ယနေ့အထိ ကျေးရွာအုပ်စု (၉) အုပ်စုမှ တောင်သူ (၅၆၄) ဦး၏ စုစုပေါင်း စိုက်ဧက (၁၈၆၉) ဧကအတွက် ငွေကျပ် (၁၈၆၉) သိန်းအား ထုတ်ချေးပေးပြီးဖြစ်၍ (၅၀) ရာခိုင်နှုန်းထုတ်ချေးပြီးစီးခဲ့ပြီး ကျန်ရှိနေသော ကျေးရွာအုပ်စုများမှ တောင်သူများကိုလည်း ဆက်လက်၍ ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ သိရသည်။

ကျော်ဇေယျဝင်း(ကံမ)