ရှမ်းရွာသစ်မြို့တွင် ကျောင်းအခြေပြု သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး (HPV)နှင့် ဆုံဆို့ -မေးခိုင် ကာကွယ်ဆေးထိုးနှံပေးခြင်းလုပ်ငန်းဆောင်ရွက်

ရှမ်းရွာသစ်    ဒီဇင်ဘာ   ၄

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့အခြေခံပညာကျောင်းများရှိ အသက်(၉)နှစ်ပြည့်ပြီး (၁၂)နှစ်မကျော်သေးသည့် ကျောင်းသူများနှင့် အသက်(၇)နှစ်မကျော်သေးသည့်KGကျောင်းသူ၊ ကျောင်းသားများအား ပညာရေးဌာန၏လမ်းညွှန်မှုနှင့် ကျန်းမာရေးဌာနတို့ ပူးပေါင်းမှုဖြင့် သားအိမ်ခေါင်း ကင်ဆာရောဂါကာကွယ်ဆေး (HPV)စတင် ထိုးနှံပေးခြင်းလုပ်ငန်းကို ယနေ့နံနက်ပိုင်းက အမှတ်(၂)ရပ်ကွက်ရှိ အခြေခံပညာကျောင်းမူလတန်းကျောင်းတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါလုပ်ငန်းတွင် ရှမ်းရွာသစ်မြို့ကျေးလက်ကျန်းမာရေးဌာနမှ ဝန်ထမ်းများက ကျောင်းသူများအား သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေးသည် လူကိုရောဂါဖြစ်စေသော ပက်ပါလိုမားဗိုင်းရပ်စ်ပိုး (HPV)ရောဂါကို ကာကွယ်ပေးသော ကာကွယ်ဆေးတစ်မျိုးဖြစ်ကြောင်း၊ သားအိမ်ခေါင်း ကင်ဆာရောဂါ ကာကွယ်ဆေးသည် အလွန်စိတ်ချရသောဆေးဖြစ်ပြီး (၈၀)ရာခိုင်နှုန်းခန့်၌ ဆေးထိုးသည့်နေရာတွင် နာကျဉ်ခြင်း၊ နီရဲခြင်းနှင့်ကိုယ်ပူခြင်းဖြစ်တတ်ကြောင်းနှင့် သားအိမ်ခေါင်းကင်ဆာနှင့် ပတ်သက်သည့်  အရေးကြီးသည့်အချက်အလက်များကို အသိပညာပေးဟောပြောပြီးနောက် အ.မ.က(ရှမ်းရွာသစ်)၊ အ.မ.က (ထီးကြားရာ)၊ အ.မ.က(နတ်စင်ကုန်း)  ကျောင်းများမှ သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေးထိုးနှံသူ(၁၃)ဦးနှင့် ဆုံဆို့- မေးခိုင်ရောဂါကွယ်ဆေးထိုးနှံသူ (၃၀)ဦးတို့အား ကာကွယ်ဆေးထိုးနှံပေးခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေးထိုးနှံပေးခြင်းလုပ်ငန်းကို မြို့အတွင်းရှိ အခြေခံပညာကျောင်းများသို့ သွားရောက်ပြီး ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ် ကြောင်း  ကျေးလက်ကျန်းမာရေးဌာနမှ တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

ဇင်လေး(ပြန်/ဆက်)