ဟုမ္မလင်း ဒီဇင်ဘာ ၄
စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းခရိုင်၊ ဟုမ္မလင်းမြို့နယ်တွင် အသက် ၁ နှစ်ခွဲအောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုး၊ ဆေးတိုက်ပေးခြင်းကို ဒီဇင်ဘာ(၂)ရက်နေ့ နံနက်(၇)နာရီအချိန်က ဟုမ္မလင်းမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနကုသခန်းမဆောင်တွင် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ ပုံမှန်ကာကွယ်ဆေးထိုး၊ ဆေးတိုက်ပေးရာတွင် ပြည်သူ့ကျန်းမာရေးဌာနမှ ဝန်ထမ်းများက အသက် ၁ နှစ်ခွဲအောက်ကလေးငယ်များအား ဘီစီဂျီ၊ ပြင်းထန်ဝမ်းပျက်ဝမ်းလျှော(ရိုတာ)၊ ပိုလီယို၊ ပြင်းထန်အဆုတ်ရောင်(ပီစီဗီ)၊ ဆုံဆို့-ကြက်ညှာမေးခိုင်-အသည်းရောင် အသားဝါ(ဘီ)- ဦးနှောက်အမြှေးရောင်(ငါးမျိုးစပ်ကာကွယ်ဆေး)၊ ဝက်သက်-ဂျိုက်သိုး၊ ဂျပန်ဦးနှောက်ရောင် စသည့်ကာကွယ်ဆေးများကို ထိုးနှံ၊ တိုက်ကျွေးပေးခြင်းနှင့် ကလေးကိုယ်အလေးချိန်တိုင်းတာပေးခြင်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ ပုံမှန်ကာကွယ်ဆေးထိုး၊ ဆေးတိုက်ပေးခြင်းကို ဒီဇင်ဘာ(၂)ရက်နေ့မှ (၄)ရက်နေ့အထိ ထိုးနှံပေးသွားမည်ဖြစ်ပြီး ဟုမ္မလင်းမြို့နယ်ပြည်သူ့ကျန်းမာရေးဌာနတွင် လစဉ်ပုံမှန်ဆောင်ရွက်ပေးလျက်ရှိသည့်အပြင် ဟုမ္မလင်းမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကိုယ်ဝန်ဆောင်မိခင်များအား ကာကွယ်ဆေးများထိုးနှံပေးခြင်းနှင့် ကျန်းမာရေးစစ်ဆေးပေးခြင်း၊ သက်ကြီးဘိုးဘွားများအား ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း၊ ကျန်းမာရေးဆိုင်ရာ အသိပညာပေးခြင်းများ စဉ်ဆက်မပြတ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ဟုမ္မလင်း(ပြန်/ဆက်)