အပြည်ပြည်ဆိုင်ရာမသန်စွမ်းသူများနေ့အထိမ်းအမှတ်အခမ်းအနားကျင်းပ နယ်ပယ်အားလုံးတွင် မသန်စွမ်းသူများ ပါဝင်ဆောင်ရွက်ခွင့်ရရှိစေရေးဆောင်ရွက်ပေး

ဘားအံ ဒီဇင်ဘာ ၃

“အနာဂတ်မှာအားလုံး ရေရှည်တည်တံ့ရေး မသန်စွမ်းသူများခေါင်းဆောင်နိုင်မှုမြှင့်တင်ပေး” ဆောင်ပုဒ်ဖြင့်  ၂၀၂၄ ခုနှစ် အပြည်ပြည်ဆိုင်ရာမသန်စွမ်းသူများနေ့ အထိမ်းအမှတ် အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက ဘားအံမြို့၊ ဇွဲကပင်ခန်းမ၌ ကျင်းပခဲ့သည်။

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက မသန်စွမ်းသူများဘဝဖွံ့ဖြိုးတိုးတက်စေရန် ဆောင်ရွက်ပေးရုံသာမက မသန်စွမ်းသူများသည် လုပ်ငန်းနယ်ပယ်အသီးသီးတွင် ၎င်းတို့ဘဝကို ၎င်းတို့ ကိုယ်တိုင်ဖွံ့ဖြိုးတိုးတက်အောင် ဦးစီးဦးဆောင်ပြုပြီး ခေါင်းဆောင်နိုင်ရန်အတွက် ပြည်နယ်အတွင်းရှိ အစိုးရဌာနများ၊ ရပ်ရွာလူထုအဖွဲ့အစည်းများ၊ နိုင်ငံတကာအစိုးရမဟုတ်သောအဖွဲ့အစည်းများနှင့် ပုဂ္ဂလိကအဖွဲ့အစည်းများက တက်ညီလက်ညီနှင့် ဟန်ချက်ညီညီ ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်ပေးကြရန် တိုက်တွန်းပြောကြားပြီး အပြည်ပြည်ဆိုင်ရာမသန်စွမ်းသူများနေ့အထိမ်းအမှတ်အကြိုလှုပ်ရှားမှု မသန်စွမ်းအားကစားပြိုင်ပွဲများအတွက် ကုန်ကျစရိတ်ငွေကျပ် ၄၃ သိန်း ၈ သောင်းကို ပြည်နယ်လူမှုဝန်ထမ်းရုံး ညွှန်ကြားရေးမှူးထံ ထောက်ပံ့ပေးအပ်ကာ အခမ်းအနားသို့ တက်ရောက်လာသူများနှင့်အတူ မသန်စွမ်းသူများဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းဆောင်ရွက်မှု Video Clip ကိုအတူတကွကြည့်ရှုအားပေးခဲ့ကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် အပြည်ပြည်ဆိုင်ရာမသန်စွမ်းသူများနေ့ အထိမ်းအမှတ် အကြိုလှုပ်ရှားမှု မသန်စွမ်းအားကစားပြိုင်ပွဲတွင်ဆုရရှိကြသူများအား ဆုတံဆိပ်ပေါင်း ၄၄ ဆုကိုပေးအပ်ချီးမြှင့်ခဲ့ကြပြီး ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် မသန်စွမ်းသူများအတွက် ပညာသင်ယူနိုင်မှုအခွင့်အလမ်းများ၊ အသက်မွေးဝမ်း ကျောင်းပညာဆိုင်ရာ သင်ယူမှုအခွင့်အလမ်း များ၊အလုပ်အကိုင်ရရှိရေး၊ကျန်းမာရေး၊ပြန်လည်ထူထောင်ရေးအစရှိသည့် အခွင့်အလမ်းများနှင့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး၊ ပညာရေးနယ်ပယ်အားလုံးတွင် မသန်စွမ်းသူများ ပါဝင်ဆောင်ရွက်ခွင့်ရရှိစေရေး ဆောင်ရွက်ပေးလျက်ရှိရာ ရပ်ကွက်ကျေးရွာများနှင့် စာသင်ကျောင်း များတွင် အသိပညာပေးလုပ်ငန်းများ၊ ဟောပြောပွဲများဆောင်ရွက်ခြင်း၊ ဟိုတယ်၊ တည်းခိုရိပ်သာ (၁၁)လုံးနှင့်ပြည်နယ်၏အထင်ကရနေရာများတွင် မသန်စွမ်းခရီးသွားများအတွက် Wheel Chair လမ်းနှင့် Toilet သီးသန့်ဆောင်ရွက်ပေးခြင်း၊ ဂျပန်အကူအညီ ပေးရေးနှင့်ပြန်လည်ထူထောင်ရေး အသင်း(အေအေအာဂျပန်)နှင့် ပူးပေါင်း၍ ဝဲကြီး၊ ကော့သင်းရှူး၊ လှိုင်းထောင်၊ နောင်သရကျေးရွာ စာသင်ကျောင်းများတွင် မသန်စွမ်းကလေးများအသုံးပြုနိုင်သည့် လျှောက်လမ်းနှင့်အိမ်သာတို့ကို တပ်ဆင်ဆောင်ရွက်ပေးခြင်းများအပြင် ဘားအံမြို့၊ ခြေတုလက်တုပြန်လည်သန်စွမ်းရေးဌာန၏ ၂၀၂၄ ခုနှစ် ဇန်နဝါရီ လမှဩဂုတ်လထိ မသန်စွမ်းအထောက် အကူပြုကိရိယာတပ်ဆင်မှု(၇၈၈)ဦး၊ နယ်လှည့်ခြေတုလက်တုပြုပြင်ပေးမှု (၅၇၀)ဦးနှင့်စိတ်လူမှုပိုင်းဆိုင်ရာပံ့ပိုးပေးမှု (၂၄၆)ဦးတို့ကို ဆောင်ရွက်ပေးထားကြောင်း သိရသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် အခမ်းအနားသို့တက်ရောက်လာသော မသန်စွမ်းသူများနှင့် မိဘအုပ်ထိန်းသူများ၊ မသန်စွမ်းအသင်းအဖွဲ့များနှင့် ပြန်လည်ထူထောင်ရေး ဌာနများ၊ လူမှုရေးအသင်းအဖွဲ့များအား ရင်းနှီးနွေးထွေးစွာတွေ့ဆုံနှုတ်ဆက်၍ ခင်းကျင်းပြသထား သော ၂၀၂၄ ခုနှစ် အပြည်ပြည်ဆိုင်ရာမသန်စွမ်း သူများနေ့အထိမ်းအမှတ်အကြိုလှုပ်ရှားမှု မသန်စွမ်းအားကစားပြိုင်ပွဲမှတ်တမ်းဓါတ်ပုံများ၊ ဘားအံခြေတုလက်တုဆိုင်ရာ ပြန်လည်သန်စွမ်းရေးဌာန(HORC)၏ အခမဲ့ဝန်ဆောင်မှုဆောင်ရွက်ပေးနေသော မှတ်တမ်းဓါတ်ပုံများ၊ မသန်စွမ်း အထောက်အကူပြုကိရိယာများအား လှည့်လည်ကြည့်ရှုအားပေးပြီး တာဝန်ရှိသူများအား လိုအပ်သည်များမှာကြားခဲ့ကြောင်း သိရသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)