ကျွန်းလှ ဒီဇင်ဘာ ၃
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ဆီထွက်သီးနှံမျိုးစုံကို ရာသီအလိုက်စိုက်ပျိုးကြရာ ယခုနှစ် ဆောင်းမြေပဲ လျာထားချက်ထက် ဧက ၁၀၀ ကျော် ပိုမိုစိုက်ပျိုးနိုင်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
“ဒီနှစ် ကျွန်းလှမြို့နယ်မှာ ဆောင်းမြေပဲစိုက်ပျိုးဖို့ ၁၃၈၉၆ ဧကလျာထားပြီး ၁၄၀၀၁ ဧက စိုက်ပျိုးနိုင်ခြင်းကြောင့် လျာထားချက်ထက် ၁၀၅ ဧက ပိုမိုစိုက်ပျိုးနိုင်ခဲ့ပါတယ်။ တောင်သူတွေ တစ်နှစ်ထက် တစ်နှစ် တိုးချဲ့စိုက်ပျိုးလာကြပြီး အခုအခါ မြေပဲစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းနေပါတယ်” ဟု မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူး ဒေါ်မြင့်မြင့်ရီက ပြောသည်။
အဆိုပါ မြေပဲစိုက်ခင်းများအောင်မြင်ဖြစ်ထွန်းပြီး အထွက်နှုန်းကောင်းမွန်စေရန် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မျိုးကောင်းမျိုးသန့်ရွေးချယ်စိုက်ပျိုးရေး၊ စိုက်နည်းစနစ်မှန်ကန်ရေး၊ ပိုးမွှားကျရောက်မှုကင်းစင်ရေး၊ သဘာဝမြေဩဇာနှင့် ဓာတ်မြေဩဇာ အချိုးကျ အချိန်ကိုက်ရောစပ်သုံးစွဲရေးတို့ကို ကွင်းဆင်းအသိပညာပေးလျက်ရှိကြောင်း သိရသည်။
ကျွန်းလှမြို့နယ်တွင် ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ လက်ရှိအချိန်ထိ ဆီထွက်သီးနှံစိုက်ပျိုးပြီးစီးမှုအဖြစ် မြေပဲ ၁၄၀၀၁ ဧက၊ နှမ်း ၁၄၀၃၆ ဧက၊ နေကြာ ၅၂၃ ဧက၊ ပန်းနှမ်း ၅၃၁၇ ဧက၊ မုံညှင်းစေ့ ၃၃၁ ဧက စုစုပေါင်း ၃၄၂၀၈ ဧက (၉၈ ဒသမ ၁၂) ရာခိုင်နှုန်း စိုက်ပျိုးပြီးဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန စာရင်းများအရ သိရသည်။
မျိုးဝင်းညို(ကျွန်းလှ)