ကမမောင်း ဒီဇင်ဘာ ၃
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့တွင် အခြေခံပညာကျောင်းအခြေပြု မီးဘေးလုံခြုံရေး အသိပညာပေးဟောပြောပွဲနှင့် မီးငြှိမ်းသတ်ရေးဇာတ်တိုက်လေ့ကျင့်ခြင်းကို ယနေ့နံနက် (၉) နာရီခွဲအချိန်က ကမမောင်းမြို့ အမှတ် (၁) အခြေခံပညာအလယ်တန်းကျောင်းခွဲ၌ ကျင်းပသည်။
ရှေးဦးစွာ ဖာပွန်ခရိုင် မီးသတ်ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်ကျော်အောင်က မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေးနှင့် မီးဘေးအန္တရာယ် ပေါ်ပေါက်လာပါက မီးသတ်ဆေးဗူးသုံးစွဲပြီး အလျင်အမြန် မီးငြှိမ်းသတ်နိုင်ရေးအတွက် မီးသတ်ဆေးဗူးသုံးစွဲပုံ နည်းစနစ်များကို အသေးစိတ်ရှင်းလင်းပြောကြားသည်။ ထို့နောက် မီးသတ်တပ်ဖွဲ့ဝင်များက အသက်ကယ်ကြိုးကူးနည်းများကို လက်တွေ့သရုပ်ပြသကြပြီး အခြေခံပညာကျောင်းသား၊ ကျောင်းသူများက မီးငြှိမ်းသတ်နည်းများကို ဇာတ်တိုက် လေ့ကျင့်သရုပ်ပြသခဲ့ကြသည်။
အဆိုပါ အခမ်းအနားသို့ ဖာပွန်ခရိုင် ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး၊ မီးသတ်ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးနှင့်တပ်ဖွဲ့ဝင်များ၊ ဒုတိယမြို့နယ်ပညာရေးမှူး၊ မြို့အုပ်ချုပ်ရေးမှူး၊ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြကြောင်း သိရသည်။
ကမမောင်း(ပြန်/ဆက်)