တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို အပြည်ပြည်ဆိုင်ရာမသန်စွမ်းသူများနေ့ အထိမ်းအမှတ်အခမ်းအနားသို့ တက်ရောက်

ထားဝယ် ဒီဇင်ဘာ ၃

အနာဂတ်မှာအားလုံးရေရှည်တည်တံ့ရေး မသန်စွမ်းသူများဖော်ဆောင်နိုင်မှု မြှင့်တင်ပေးဟူသောဆောင်ပုဒ်နှင့်အညီ ၂၀၂၄ ခုနှစ် အပြည်ပြည်ဆိုင်ရာမသန်စွမ်းသူများနေ့အထိမ်းအမှတ် အခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲက တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ မြို့တော်ခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကိုက နှစ်စဉ်ဒီဇင်ဘာလ(၃)ရက်နေ့တွင် အပြည်ပြည်ဆိုင်ရာမသန်စွမ်းသူများနေ့အဖြစ် နိုင်ငံတကာတွင်အခမ်းအနားများကျင်းပသလို မြန်မာနိုင်ငံတွင်လည်း လူ့အဖွဲ့အစည်းအတွင်း မသန်စွမ်းသူများ၏ အသုံးဝင်တန်ဖိုးရှိခြင်းတို့ကို အသိအမှတ်ပြုသောအားဖြင့်  နိုင်ငံတကာအဆင့်အခမ်းအနား ကျင်းပပြီး ယခုလို တိုင်းဒေသကြီးအဆင့် အခမ်းအနားကျင်းပရခြင်းဖြစ်ကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် မသန်စွမ်းသူများ လူ့အသိုက်အဝန်းအတွင်း အပြည့်အဝပါဝင်ဆောင်ရွက်ခွင့်ရရှိရေး၊ မသန်စွမ်းသူများကြုံတွေ့နေရသည့် မညီမျှမှုများကို လျှော့ချနိုင်ရေးအတွက် ရည်ရွယ်ပြီး မသန်စွမ်းသူများ၏ အခွင့်အရေးများ ဆိုင်ရာကုလသမဂ္ဂကွန်ဗင်းရှင်းကို ၂၀၁၁ ခုနှစ်၊ ဒီဇင်ဘာလ (၇) ရက်နေ့တွင် လက်မှတ်ရေးထိုးခဲ့ကြောင်း၊ တိုင်းဒေသကြီးအတွင်း မသန်စွမ်းသူများ၏ အခွင့်အရေးဆိုင်ရာ တိုင်းဒေသကြီးကော်မတီကို ဖွဲ့စည်းထားရှိပြီးဖြစ်ကြောင်း၊ တနင်္သာရီတိုင်းဒေသကြီးအတွင်းမှာ မသန်စွမ်းမှုကို အကြောင်းပြု၍ ခွဲခြားဆက်ဆံခြင်း၊ လျစ်လျူရှုခြင်း၊ အကြမ်းဖက်ခြင်းများမရှိစေရေး၊ မသန်စွမ်းမှုဆိုင်ရာ အသိပညာမြင့်မားစေရေးတို့အတွက် မသန်စွမ်းမှုအမျိုးအစားအလိုက် အသိပညာပေးခြင်း၊ အထူးလိုအပ်ချက်ရှိသော ကလေးများ ပြုစုစောင့်ရှောက်မှု အသိပညာပေးသင်တန်းများ၊ မသန်စွမ်းကလေးသူငယ်များ၏ အခွင့်အရေးများဆိုင်ရာ အသိပညာပေးသင်တန်းများ၊ မသန်စွမ်းအားကစားပြိုင်ပွဲ၊ မသန်စွမ်းသူများနေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲများနှင့်မသန်စွမ်းမှုအမျိုးမျိုးနှင့် ရှေးဦးအရွယ်ကလေးသူငယ်ဖွံ့ဖြိုးတိုးတက်မှု အခြေအနေတိုင်းတာ စစ်ဆေးပံ့ပိုးခြင်း(Early Childhood Intervention Services-ECI) လုပ်ငန်းဆိုင်ရာအသိပညာပေးခြင်းများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ဒါ့အပြင် မူလတန်းကြိုကျောင်းများတွင် ရှေးဦးအရွယ်ကလေးသူငယ်ဖွံ့ဖြိုးမှုအခြေအနေ တိုင်းတာစစ်ဆေးပံ့ပိုးသည့် ဝန်ဆောင်မှုနှင့်ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း၊ နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များ ဆောင်ရွက်ရာတွင် မသန်စွမ်းသူများအတွက် အတားအဆီးကင်းသော ပတ်ဝန်းကျင်(Barrier Free)ကို Mainstreaming အနေဖြင့် ကဏ္ဍတိုင်း ထည့်သွင်းစဉ်းစားဆောင်ရွက်ပေးကြရန်နှင့် မသန်စွမ်းသူများ၏လူမှုဘဝများဖွံ့ဖြိုးတိုးတက်စေရန် မသန်စွမ်းသူများ၏ ပါဝင်မှုနှင့် ခေါင်းဆောင်နိုင်မှုတို့ကို အားပေးမြှင့်တင်ပေးကြရန် လိုအပ်ကြောင်း ပြောကြားသည်။

ထို့နောက် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်၏ သဝဏ်လွှာ Video Message နှင့် မသန်စွမ်းသူများ၏ တောင်ယာဝင်ချိန် တေးသီချင်းဖြင့် ဖျော်ဖြေတင်ဆက်နေမှုအား တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကိုက ကြည့်ရှုအားပေးပြီး အခြေခံပညာအထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲတွင် ဆုရရှိသူများအား ဆုချီးမြှင့်သည်။

ဆက်လက်၍ တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်ပိုက်ပိုက်အေးက အခြေခံပညာအလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲတွင်ဆုရရှိသူများအား ဆုချီးမြှင့်ပြီး တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးသက်နိုင်က  မသန်စွမ်းဖျော်ဖြေရေးအဖွဲ့အား ဆုငွေ (၁) သိန်းကျပ် ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)