နတ်မောက်မြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် “သတ်ပုံအမှန် ရွေးကြမယ်”ပြိုင်ပွဲ ကျင်းပ

နတ်မောက် ဒီဇင်ဘာ ၃

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် "သတ်ပုံအမှန်ရွေးကြမယ်"ပြိုင်ပွဲအား ယနေ့နံနက် ၁၀ နာရီအချိန်က ကျင်းပခဲ့သည်။ 

အဆိုပါ ပြိုင်ပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒေါ်ဥမ္မာခင်(ဦးစီးအရာရှိ)က လူငယ်များ စာပေလေ့လာဖတ်ရှုသည့် အလေ့အကျင့်ကောင်းများရရှိစေရန်၊ အနာဂတ်တွင် အသိပညာဗဟုသုကြွယ်ဝသည့် နိုင်ငံ့သားကောင်းများပေါ်ထွန်းလာစေရန်နှင့် လူငယ်/လူရွယ်များ အာရုံစူးစမ်းလေ့လာမှုနှင့် ဉာဏ်ပညာဖွံ့ဖြိုးတိုးတက်စေရန်၊ စိတ်လက်ပေါ့ပါးပျော်ရွှင်စေရန်၊ မြန်မာစာလုံးပေါင်းသတ်ပုံအမှန်များ ပိုမိုလေ့လာနိုင်စေရန်နှင့် အလေ့အကျင့်ကောင်းမှ အလေ့အထကောင်းများရရှိစေရန် ရည်ရွယ်ချက်များဖြင့် “သတ်ပုံအမှန်ရွေးကြမယ်”ပြိုင်ပွဲများ ကျင်းပပေးခြင်းဖြစ်ပါကြောင်း ရှင်းလင်းပြောကြားခဲ့သည်

ထို့နောက် ပြိုင်ပွဲကို ကျင်းပရာ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းမှ မူလတန်းဆင့် ကျောင်းသား/သူများက မြန်မာသတ်ပုံကျမ်းစာအုပ်မှ ထုတ်နုတ်ထားသည့် စာလုံးပေါင်းသတ်ပုံအမှန်ရွေးပြိုင်ပွဲကို ယှဉ်ပြိုင်ခဲ့ကြပြီး ဆုရရှိသူများအား တာဝန်ရှိသူများက ဆုများ အသီးသီးချီးမြှင့်ပေးသည်။

လှဝင်း