နတ်မောက်မြို့၌ ပလတ်စတစ်အိတ်သုံးစွဲလျော့ချရေးအင်ဖက်များ အခမဲ့ဖြန့်ဝေခြင်းနှင့် အသိပညာပေး ဆောင်ရွက်   

နတ်မောက် ဒီဇင်ဘာ ၃                                                                                             

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် စည်ပင်သာယာရေးဈေးတွင် ယမန်နေ့နံနက်ပိုင်းက သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက်ရည်ရွယ်၍ ကြွပ်ကြွပ်အိတ်အစားအင်ဖက်၊ ငှက်ပျောဖက်၊  သတင်းစာစက္ကူများသုံးစွဲရန်အသိပညာပေးခြင်း၊ အခမဲ့ဖြန့်ဝေခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။         

“ဈေးရောင်းချနေသောဈေးသည်များအား သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးလှုပ်ရှားမှုအဖြစ် ကြွပ်ကြွပ်အိတ်သုံးစွဲမှုလျော့ချရေး၊ ပလတ်စတစ်စွန့်ပစ်ပစ္စည်းများကြောင့် ရေ၊ မြေသဘာဝပတ်ဝန်းကျင်ကို ညစ်ညမ်းစေပြီး ကျန်းမာရေးကိုဆိုးရွားစွာထိခိုက်စေနိုင်သဖြင့် ပလတ်စတ်ကြွပ်ကြွပ်အိတ်အိတ်သုံးစွဲမှုကိုလျော့ချ၍ စက္ကူ၊ အင်ဖက်များကို အစားထိုးသုံးစွဲသွားကြရန်ရည်ရွယ်၍ ပြုလုပ်ခြင်းဖြစ်ကြောင်း”  မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိက ပြောသည်။ ထိုသို့ဆောင်ရွက်ရာတွင် ဈေးအတွင်းအပြင်ရှိ  ကုန်စိမ်းဆိုင်၊ ကုန်ခြောက်ဆိုင်၊ အသားဆိုင်များတွင် ကြွပ်ကြွပ်အိတ်အစား အစားထိုးအသုံးပြုနိုင်သည့် အင်ဖက်၊ ငှက်ပျောဖက်၊ သတင်းစာစက္ကူတို့ အခမဲ့ဖြန့်ဝေခြင်းနှင့် “ပလတ်စတစ်ညစ်ညမ်းမှုကို တိုက်ဖျက် ကြစို့”  အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေခဲ့ကြောင်း သိရသည်။

လှဝင်း