ပွင့်ဖြူ ဒီဇင်ဘာ ၃
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်အတွင်း သီးနှံစိုက်ပျိုးစွမ်းအားတိုးတက်စေရန်နှင့် ဒေသခံဝောာင်သူများ သီးနှံဝင်ငွေတိုးပွားစေရန်အတွက် စိုက်ပျိုးရေးလုပ်ငန်းအတွက်လိုအပ်သော သဘာဝ မြေဩဇာနှင့် သွင်းအားစုပစ္စည်းများကို တောင်သူများ စုပေါင်းဝယ်ယူနိုင်ရေးတွေ့ဆုံဆွေးနွေးပွဲကို ယမန်နေ့က ပွင့်ဖြူမြို့ သက်တော်ရှည်ရပ်ကွက်ရှိ မြို့နယ်တောင်သူအကျိုးဆောင်အသင်းရုံး၌ ကျင်းပသည်။
ရှေးဦးစွာ မြို့နယ်တောင်သူအကျိုးဆောင်အသင်း(FFA)ဥက္ကဋ္ဌ ဦးမြင့်အောင်က အဖွင့်အမှာစကားပြောကြားပြီး နန်းထက်မြန်မာကုမ္ပဏီမှတာဝန်ခံ ဒေါ်နန်းထက်ထက်က တောင်သူများ သီးနှံဝင်ငွေတိုးပွားစေရေးအတွက် စိုက်ပျိုးရေးလုပ်ငန်းအတွက်လိုအပ်သော သဘာဝမြေဩဇာနှင့် သဘာဝပိုးသတ်ဆေး၊ ပေါင်းသတ်ဆေး၊ သီးနှံအားဆေးစသည့် သွင်းအားစုပစ္စည်းများ ဖြန့်ဖြူးရောင်းချမည့်အခြေအနေများကို ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ စိုက်ပျိုးရေးပညာရှင် ဆရာဦးစိုးနိုင်နှင့် ဆရာဦးသန်းဇော်တို့က စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးနှင့် အရည်အသွေးကောင်းမွန်သောသီးနှံများ တိုးချဲ့စိုက်ပျိုးထုတ်လုပ်နိုင်ရေး ရေမြေဒေသနှင့်ကိုက်ညီသော မျိုးကောင်းမျိုးသန့်ရွေးချယ်စိုက်ပျိုးရေး၊ မြေဆီလွှာဖွံ့ဖြိုးတိုးတက်ရေးအတွက် မြေဆီလွှာ ချဉ်/ငံဓာတ်မျှတကောင်းမွန်အောင် သဘာဝမြေဩဇာနှင့်သဘာဝဆေးများဖြင့် ပြန်လည်ကာကွယ်ထိန်းသိမ်းနည်းပညာများကို အသီးသီးဆွေးနွေးပြောကြားသည်။
ထို့နောက် တက်ရောက်လာသည့် ကျေးရွာတောင်သူအကျိုးဆောင်ကော်မတီဝင်များ စိုက်ပျိုးရေးလုပ်ငန်းတွင် တွေ့ကြုံရသည့် လုပ်ငန်းအခက်အခဲများနှင့် မျိုးကောင်းမျိုးသန့်ထုတ်လုပ်နည်းစနစ်များကို မေးမြန်းဆွေးနွေးကြရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်း ဖြေကြားပေးခဲ့သည်။ အဆိုပါ ဆွေးနွေးပွဲသို့ မြို့နယ်တောင်သူအကျိုးဆောင်အသင်းဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ စိုက်ပျိုးရေးကုမ္ပဏီမှ တာဝန်ရှိသူများ၊ စိုက်ပျိုးရေးပညာရှင်များနှင့် ကျေးရွာများမှ တောင်သူအကျိုးဆောင်ကော်မတီဝင်များ၊ စုစုပေါင်း ၃၄ ဦး တက်ရောက်ပါဝင်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)