(၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကရင်ပြည်နယ်၊ ဘားအံမြို့၌ အစိုးရစက်မှုလက်မှုသိပ္ပံကျောင်းသစ်ဖွင့်လှစ်

ဘားအံ  ဒီဇင်ဘာ  ၃

အစိုးရစက်မှုလက်မှုသိပ္ပံကျောင်းသစ် ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီက ဘားအံမြို့ အဆိုပါ အဆောက်အဦ ပင်မ(၃)ထပ်ဆောင်ရှေ့၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ သယံဇာတရေးရာဝန်ကြီး၊ စက်မှုလက်မှုသိပ္ပံမှ ကျောင်းအုပ်ကြီး၊ ဦးစီးဌာနရုံးချုပ်မှ တာဝန်ရှိသူတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပြီး ဖျော်ဖြေရေးအဖွဲ့များနှင့် ဘင်ခရာပန်းပွားအဖွဲ့များအား ဂုဏ်ပြုဆုငွေများ အသီးသီးပေးအပ်ချီးမြှင့်ကာ ပြည်နယ်ဝန်ကြီးချုပ်က အစိုးရစက်မှုလက်မှုသိပ္ပံ ဆိုင်းဘုတ်အား စက်ခလုတ်နှိပ် ဖွင့်လှစ်ပေးပြီး ကမ္ဗည်း‌မော်ကွန်းကြေးပြားအား အမွှေးနံ့သာရည်များ ပက်ဖျန်း၍ ခင်းကျင်းပြသထားသည့် အလုပ်ရုံ၊ Physics Lab and Chemistry Lab ခန်း၊ စာသင်ခန်းများ၊ ပုံဆွဲခန်းများ၊ စာကြည့်တိုက်နှင့် ကွန်ပျူတာခန်းတို့အား လှည့်လည်ကြည့်ရှု အားပေးခဲ့ကြသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက ကရင်ပြည်နယ်အတွင်း အမှန်တစ်ကယ် အသုံးချရန် လိုအပ်နေတဲ့ နည်းပညာနှင့် သက်မွေးပညာသင်တန်းများကို အစိုးရစက်မှုလက်မှုသိပ္ပံ (ဘားအံ)မှာ စတင်သင်ကြား တော့မှာဖြစ်ပြီး AGTI (၃)နှစ် ဒီပလိုမာသင်တန်းများဖြစ်တဲ့ မြို့ပြ အင်ဂျင်နီယာ၊ လျှပ်စစ်စွမ်းအားအင်ဂျင်နီယာနှင့် စက်မှုအင်ဂျင်နီယာသင်တန်းများ ဖွင့်လှစ်သင်ကြား ပေးမည်ကို သိရှိရပါကြောင်း၊ အင်ဂျင်နီယာလက်မှတ်ရ ပညာရှင်များကို မွေးထုတ်ပေးနိုင်မည် ဖြစ်သည့်အတွက် မိမိတို့ ကရင်ပြည်နယ်အနေဖြင့် များစွာဂုဏ်ယူမိပါကြောင်း၊ ယခုဖွင့်လှစ်တဲ့ သင်တန်းများကဲ့သို့ ပြည်သူလူထု အကျိုးရှိပြီး လူမှုစီးပွားဘဝမြှင့်တင်နိုင်မည့် အခြားသော သင်တန်း များကိုလည်း ဒေသလိုအပ်ချက်နှင့်အညီ ဆက်လက်ဖွင့်လှစ်သွားဖို့ လိုအပ်ပါကြောင်း၊ မိမိတို့ ပြည်နယ်အနေဖြင့် ယခုလိုမျိုး အစိုးရစက်မှုလက်မှု သိပ္ပံကျောင်းသစ်တစ်ကျောင်း ထွက်ပေါ်လာခြင်း အပေါ် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ နည်းပညာ၊ သက်မွေးပညာနှင့်လေ့ကျင့်ရေးဦးစီးဌာနကို များစွာကျေးဇူးတင်ရှိပါကြောင်း၊  သိပ္ပံနှင့်နည်းပညာကဏ္ဍဖွံ့ဖြိုးတိုးတက်မှ မိမိတို့ပြည်နယ်နှင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မည်ဖြစ်သည့်အတွက် အားလုံးပူးပေါင်း ကြိုးစားဆောင်ရွက်ရန် လိုအပ်ပါ ကြောင်း ပြောကြားသည်။

ထို့နောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အုပ်ချုပ်ရေးမှူးမှ ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ကာ ကရင်၊ မွန်နှင့် ပအိုဝ်းယဉ်ကျေးမှုအဖွဲ့များမှ ကပြဖျော်ဖြေပေးခဲ့ပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံများ ရိုက်ကူး ခဲ့ကြသည်။

ဆက်လက်၍ အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေ တိုးရေးစီမံကိန်း လုပ်ငန်းသုံးပစ္စည်းပေးအပ်ပွဲ အခမ်းအနားကို ဘားအံမြို့၊ ဇွဲကပင်ခန်းမ၌ ယမန်နေ့ မွန်းလွဲ ၂ နာရီက ကျင်းပခဲ့သည်။

ရှေးဦးစွာ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်တွင်လည်း ကရင်ပြည်နယ်အတွင်းရှိ ကျေးရွာ(၇)ရွာတွင် ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပါ ကြောင်း၊ ယခုလိုဆောင်ရွက်ရာမှာ ကျေးရွာတစ်ရွာလျှင် ကရင်ပြည်နယ်အစိုးရအဖွဲ့ ဘဏ္ဍာရန်ပုံငွေမှ ခွင့်ပြုပေးခဲ့တဲ့ ကျပ်သိန်း (၁၂၀)အနက် ကျပ်သိန်း(၅၀)ဖြင့် စီမံကိန်းလုပ်ငန်းနဲ့ သက်ဆိုင်ပြီး စီမံကိန်းဒေသများမှ တောင်းဆိုတဲ စက်ချုပ်နည်းပညာသင်တန်း (၃)ကြိမ်၊ မော်တော်ဆိုင်ကယ်ပြုပြင် ထိန်းသိမ်းနည်းပညာသင်တန်း (၁)ကြိမ်၊ တန်ဖိုးမြှင့် စားသောက်ကုန်ထုတ်လုပ်မှု နည်းပညာသင်တန်း (၂)ကြိမ်၊ လက်ရက်ကန်းဒီဇိုင်းတီထွင်ဆန်းသစ်မှု နည်းပညာသင်တန်း (၁)ကြိမ်တို့အား ဖွင့်လှစ် ဆောင်ရွက်ခဲ့ပြီးဖြစ်ပါကြောင်း၊ ကျန်ရှိတဲ့ ကျပ်သိန်း(၇၀)ကို လုပ်ငန်းထူထောင်မယ့် သင်တန်းသား/သင်တန်းသူ စုစုပေါင်း (၃၅)ဦးကို တစ်ဦးလျှင် (၁၄)သိန်းနဲ့ညီမျှတဲ့ လုပ်ငန်းသုံး ပစ္စည်းများပေးအပ်သွားမှာဖြစ်ကြောင်း၊ နိုင်ငံတော်အနေနဲ့ ယခုလို MSME  လုပ်ငန်းများကို အားပေး မြှင့်တင်ဆောင်ရွက်ပေးလျက်ရှိရာမှာ မိမိနယ်မြေ၊ ဒေသဖွံ့ဖြိုးတိုးတက်စေရေး စီမံကိန်းလုပ်ငန်းများ အောင်မြင်အောင်အားသွန်ခွန်စိုက်ကြိုးပမ်း ဆောင်ရွက်သွားကြရန်၊ စီမံကိန်းအဖွဲ့ခေါင်းဆောင်နဲ့အဖွဲ့ဝင်များက မိမိတာဝန်ယူထားတဲ့လုပ်ငန်းတာဝန်များကို တာဝန်ယူမှု၊ တာဝန်ခံမှုအပြည့်နဲ့ ဆောင်ရွက်ရန်လိုအပ်ပြီး လုပ်ငန်းစတင်ထူထောင်သူအနေနဲ့လည်း လေ့လာသင်ယူထားတဲ့ အတတ်ပညာအရင်းအမြစ်များကို ထိရောက်စွာ အကျိုးရှိရှိ အသုံးချနိုင်ရန် လိုအပ်မှာဖြစ်ပါကြောင်းလုပ်ငန်းများ ဆောင်ရွက်ရာမှာ အခက်အခဲများ ကြုံတွေ့လာပါကလည်း သက်ဆိုင်ရာ ကော်မတီ အဖွဲ့အစည်းအဆင့်ဆင့် ဖွဲ့စည်းထားပြီးဖြစ်လို့ အားလုံးပူးပေါင်းဖြေရှင်းဆောင်ရွက်ကြရန် လိုကြောင်း ပြောကြားသည်။

ယင်းနောက် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးက စီမံကိန်းနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြပြီး လုပ်ငန်းဆောင်ရွက်မှု Video Clip ပြသသည်။ ၎င်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက လုပ်ငန်းထူထောင်မည့်သူ (၃၅)ဦးတို့အား လုပ်ငန်းသုံးပစ္စည်းများပေးအပ်ပြီး ကျေးရွာကော်မတီအဖွဲ့ဝင် (၁)ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားကာ စုပေါင်းမှတ်တမ်း ဓာတ်ပုံရိုက်ကူးကြပြီး ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် သက်ဆိုင်ရာတာဝန်ရှိသူများက ခင်းကျင်းပြသထားသည့် အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေးစီမံကိန်း၏ လုပ်ငန်းသုံးပစ္စည်းများအား လှည့်လည်ကြည့်ရှု အားပေးခဲ့ကြောင်း သိရသည်။

ပြည်နယ်(ပြန်/ဆက်)