ပြည်ကြီးမဏ္ဍိုင် ဒီဇင်ဘာ ၃
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ပြည်ကြီးမဏ္ဍိုင်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော လူကုန်ကူးမှုဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့မွန်းလွဲ (၁) နာရီခွဲအချိန်က အခြေခံပညာအထက်တန်းကျောင်း (ပြည်ကြီးမဏ္ဍိုင်) တွင် ကျင်းပပြုလုပ်ခဲ့ကြသည်။
ဟောပြောပွဲတွင် ပြည်ကြီးမဏ္ဍိုင်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ကေခိုင်ဝင်းက လူကုန်ကူးမှုပြသနာတွေဟာ ယနေ့ထိတိုင်အောင် မိမိနိုင်ငံမှာသာမက ကမ္ဘာ့နိုင်ငံအသီးသီးမှာပါ ရင်ဆိုင်ကြုံတွေ့နေရဆဲဖြစ်ကြောင်း၊ အမျိုးသား၊ အမျိုးသမီးနှင့် ကလေးသူငယ်တွေကို ငွေကြေးနှင့် သွေးဆောင်ဖြားယောင်းပြီး အလုပ်ကြမ်းများလိမ်ညာခိုင်းစေခြင်း၊ ငွေကြေးလိမ်ညာမှုပြုခြင်း၊ လိင်ပိုင်းဆိုင်ရာကိစ္စရပ်တွေကို အလိုမတူခိုင်းစေခြင်း၊ အရွယ်မရောက်သေးသောသူများကို နိုင်ငံခြားသားများဖြင့် ထိမ်းမြားလက်ထပ်စေခြင်း စသော လူကုန်ကူးမှုဆိုင်ရာ ကိစ္စရပ်တွေများစွာရှိကြောင်း၊ လူကုန်ကူးမှုဆိုသည်မှာ လူ့အသိုင်းအဝိုင်းကို လုံခြုံမှုကင်းမဲ့စေကြောင်းနှင့် လူကုန်ကူးမှုကို တိုက်ဖျက်ရာတွင် လူတစ်ဦးချင်း၊ လူ့အဖွဲ့အစည်းတစ်ရပ်လုံး ယခုထက်ပိုပြီး ကျယ်ကျယ်ပြန့်ပြန့် ပါဝင်ဆောင်ရွက်သင့်ကြောင်းကို အကျယ်တဝင့် ဟောပြောခဲ့ကြောင်း သိရသည်။
ဆက်လက်၍ လူကုန်ကူးခံရသူများရရှိနိုင်သည့် စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာဆိုးကျိုးများ၊ လူကုန်ကူးသူက ခေါင်းပုံဖြတ်ခြင်းများ၊ လူကုန်ကူးမှု၏ အစိတ်အပိုင်းများစသည့် အသိပညာပေးနှင့်ပတ်သက်၍ သိသင့်သိထိုက်သည့် အကြောင်းအရာများ ပါဝင်သည့် နံရံကပ်စာစောင်များအား ပြသရာ ကျောင်းသား/ ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။
ပြည်ကြီးမဏ္ဍိုင်(ပြန်/ဆက်)