မြိတ် ဒီဇင်ဘာ ၂
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့နယ် စန္ဒဝတ်ကျေးရွာအုပ်စု ရွှေဒူးကျေးရွာ နှစ်ရှည်သီးနှံဌာနခွဲ နှစ်ရှည်ပင်များ သုတေသနနှင့်နည်းပညာဖွံ့ဖြိုးရေးဌာန(မြိတ်)ရုံးတွင် ယနေ့နံနက်(၉)နာရီခွဲက ဆီအုန်းမျိုးစပ်ခြင်းနှင့် ဆီအုန်းမျိုးစေ့ အစို့ဖောက်ခြင်းသင်တန်း ဖွင့်လှစ်ခဲ့သည်။
သင်တန်းကို နည်းစနစ်မှန်ကန်စွာ ဆီအုန်းမျိုးစပ် အစို့ဖောက်ထားခြင်းဖြစ်သည့်အပြင် ဒေသရေမြေရာသီဥတုနှင့် ကိုက်ညီသော ဆီအုန်းမျိုးများဖြစ်၍ စိတ်ချယုံကြည်စွာဖြင့် ပြည်တွင်းဖြစ်ဆီအုန်းစပ်မျိုးများ စိုက်ပျိုးနိုင်ရန်၊ မြန်မာနိုင်ငံ၏ ဆီအုန်းစိုက်ပျိုးမှု ဖွံ့ဖြိုးတိုးတက်ရေး၊ ရေရှည်တည်တံ့လာစေရန်နှင့် ဆီအုန်းတိုးချဲ့စိုက်ပျိုးရာတွင် ပြည်တွင်း၌ အလိုရှိသည့် ဆီအုန်းမျိုးစေ့များ ဈေးနှုန်းချိုသာစွာ ဖြန့်ဖြူးပေးနိုင်ရန် ရည်ရွယ်ချက်ဖြင့် ဖွင့် လှစ်ခဲ့ခြင်းဖြစ်သည်။
သင်တန်းကို မြိတ်ခရိုင်စိုက်ပျိုးရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်အင်ကြင်းခိုင်က အမှာစကား ပြောကြား၍ ဖွင့်လှစ်ပေးပြီး စန္ဒဝတ်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးစိုးအောင်က သင်တန်းဖွင့်လှစ်ရသည့် အကျိုးကျေးဇူးများကို ရှင်းလင်းပြောကြား၍ နှစ်ရှည်ပင်များ သုတေသနနှင့်နည်းပညာဖွံ့ဖြိုးရေးဌာန(မြိတ်)မှ တာဝန်ခံ ဒေါ်ဌေးဌေးမြင့်က သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်နှင့် အကျိုးရလဒ်ရရှိခြင်းအား ရှင်းလင်းပြော ကြားသည်။
ယင်းနောက် မြိတ်ခရိုင်စိုက်ပျိုးရေးဦးစီးဌာန ခရိုင်ဦးစီးမှူးက သင်တန်းသားများအား သင်ထောက်ကူပစ္စည်းများ ပေးအပ်သည်။ သင်တန်းတွင် ဆီအုန်းစိုက်ပျိုးနည်းပညာရှင် ဆရာ/မများက ဆီအုန်းမျိုးစပ်ခြင်းနှင့် ဆီအုန်းမျိုးစေ့ အစို့ဖောက်ခြင်း သင်ခန်းစာများကို စာတွေ့လက်တွေ့ သင်ကြားပို့ချပေးသွားမည်ဖြစ်ပြီး ဒီဇင်ဘာလ (၂)ရက်နေ့မှ (၆)ရက်နေ့အထိ ဖွင့်လှစ်သွားမည်ဖြစ်ကာ သင်တန်းကို မြိတ်ခရိုင်အတွင်းရှိ မြို့နယ်များမှ သင်တန်းသား သင်တန်းသူ (၂၀)ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ခိုင်ထူး (ပြန်/ဆက်)