မိုင်းဖြတ် နိုဝင်ဘာ ၂၆
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် ၂၉ ကြိမ်မြောက် စုပေါင်းမဟာ ဘုံကထိန် ပွဲတော်ကို ၂၀၂၀ပြည့်နှစ်၊ နိုဝင်ဘာလ ၂၉ ရက်နေ့တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ရာ ပွဲတော်ကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များဖြင့် အစဉ်အလာမပျက် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
ထိုသို့ ၂၉ ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်ကျင်းပပြုလုပ်ရာတွင် ကိုဗစ်-၁၉ရောဂါ ကြိုတင် ကာကွယ်ရေးလမ်းညွှန်ချက်ဖြင့် လူစုလူဝေးမဖြစ်ပေါ်စေရေးအတွက် မြို့ပေါ် ဘုန်းကြီးကျောင်းများ ဖြစ်သည့် စျေးတန်းကျောင်း၊ တောင်တန်းသာသနာပြု(ဗဟို)ကျောင်း၊ စိတ္တသုခကျောင်း၊ ဝမ်ဟွေကျောင်းနှင့် ရပ်တော်မူကျောင်းတို့တွင် ကျောင်းတစ်ကျောင်း လျှင် ဌာနဆိုင်ရာ ၇ ဌာနပေါင်း၍ အုပ်စုခွဲပြီး သံဃာတော် အရှင်သူမြတ်များထံ ပဒေသာပင်များကို ဆပ်ကပ်လှူဒါန်းသွားမည်ဖြစ်သည်။
ယခင်နှစ်များတွင် မြို့နယ်ဌာနဆိုင်ရာ စုပေါင်းမဟာဘုံကထိန်ပွဲတော် စီစဉ်ကျင်းပရာတွင် အလှည့်ကျဘုန်းကြီးကျောင်းများ၌ စီစဉ်ကျင်းပလေ့ရှိပြီး မြို့နယ်အတွင်းရှိ ဘုန်းကြီးကျောင်း ၂၅ ကျောင်း မှ သံဃာတော်အရှင်သူမြတ်များကို ပင့်ဖိတ်ပြီး ဌာနဆိုင်ရာများနှင့် အလှူရှင်များကစုပေါင်းလှူဒါန်းသည့် ပဒေသာပင်များကို မဲဖောက်ပြီး ဆက်ကပ်လှူဒါန်းလေ့ရှိသည်။
သန်းထွန်းအေး(ပြန်/ဆက်)