ပခုက္ကူ ဒီဇင်ဘာ ၂
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်အတွင်းရှိ ကျေးရွာများတွင် ဆောင်းသီးနှံများ စိုက်ပျိုးလုပ်ကိုင်လျက်ရှိကြရာ ဘူးသီးနှံများဈေးကောင်းရရှိပြီး စိုက်ပျိုးလုပ်ကိုင်သည့် တောင်သူများအနေဖြင့် မိသားစုအပိုဝင်ငွေရရှိကြကြောင်း သိရသည်။
“ကျွန်တော်တို့ရွာမှာတော့ အများအားဖြင့် ဘူးသပိတ်နှင့် ဘူးလည်ရှည်များကို စိုက်ပျိုးလုပ်ကိုင်ကြပါတယ်။ စိုက်ပျိုးတဲ့အခါမှာလည်း ရေမဝပ်တဲ့မြေနေရာမှာ စိုက်ပေါင်ဖော်၍ ရေသွင်းစနစ်နဲ့ စိုက်ပျိုးရတာပါ။ နှစ်စဉ် ဩဂုတ်လနှင့် စက်တင်ဘာလတွေမှာ စိုက်ပျိုးလေ့ရှိပြီး စိုက်ပျိုးမှုကုန်ကျစရိတ်နေနဲ့ တစ်ဧကကို မျိုး၊သွင်းအားစု၊ အလုပ်သမားခအပါအဝင် ငွေကျပ် ၁၅ သိန်းခန့်အထိရှိပါတယ်။ ဘူသီးမှာ စိုက်ပျိုးပြီး ရက်ပေါင်း ၈၀-၉၀ အကြာတွင် ခူးဆွတ်ရောင်းချလို့ရပါပြီ။ တစ်ဧကလျှင် ဘူးသီးအလုံးရေ အများဆုံး ငါးထောင်ခန့်အထိထွက်ရှိပြီး အလုံးအကြီးအသေး အရွယ်အစားအပေါ်မူတည်၍ ဘူးသီးတစ်လုံးကို ငွေကျပ် ၁၅၀၀ မှ ၂၅၀၀ အထိ ဈေးနှုန်းကွာခြားပါတယ်။ လက်ရှိမှာတော့ ဘူးသီးကို လက်လီရော၊ လက်ကားရော အရောင်းအဝယ်ဖြစ်ထွန်းလျက်ရှိပြီး တစ်ဧကကို ငွေကျပ် သုံးဆယ်ကျော်လောက်အထိ မိသားစုအတွက် အကျိုးအမြတ်ကျန်ရှိပါတယ်။ ကျေးလက်နှင့်မြို့ပြလူအတော်များများက ဘူးသီးကို အသီးအပြင် ဘူးအညွှန့်များကိုပါ ဝယ်ယူစားသုံးကြတာကြောင့် လုပ်ငန်းအဆင်ပြေပြီး မိသားစုအပိုဝင်ငွေရရှိမယ့် ဘူးသီး သီးနှံကို နှစ်စဉ်စိုက်ပျိုးလုပ်ကိုင်လျက်ရှိပါတယ်”ဟု ပခုက္ကူမြို့နယ်၊ ကျွန်းဦးကျေးရွာနေ ဘူးသီးစိုက်တောင်သူတစ်ဦးက ပြောကြားခဲ့သည်။
ပခုက္ကူမြို့နယ်အတွင်းရှိ ဘောလုံးခုံ၊ လိပ်ကုန်း၊ ဘွက်ကုန်း၊ သင်္ဘောကုန်း၊ ညောင်လှ၊ သံပုရာပင်ကုန်း၊ ကျွန်းဦးနှင့် ကျွန်းညိုကြီးကျေးရွာများတွင် ဘူးသီးနှံဧက ၄၀ ခန့် စိုက်ပျိုးလုပ်ကိုင်ကြပြီး အဆိုပါကျေးရွာများမှထွက်ရှိလာသည့် ဘူးသီးများကို ပခုက္ကူမြို့ပေါ်ရပ်ကွက်ဈေးများအပြင် မကွေးမြို့ပေါ်ရှိ ကုန်စိမ်းပွဲရုံများအထိပါ တင်ပို့ရောင်းချရသောကြောင့် တောင်သူများအနေဖြင့် မိသားစုအပိုဝင်ငွေရရှိကာ လုပ်ငန်းအဆင်ပြေလျက်ရှိကြောင်း သိရသည်။
ဘာမီသာ(ပခုက္ကူ)