တန်ဖိုးထားလေးစားအပ်သော မြန်မာတို့၏ ပန်းတော့အတတ်ပညာ

မင်းဘူး ဒီဇင်ဘာ ၂

မြန်မာတို့၏ လက်မှုအတတ်ပညာဖြစ်သော “ဘုရားမတင် နတ်မဝင် လူတွင်ပန်းဆယ်မျိုး” ဟု ခေါ်ဆိုသော လက်မှုအတတ်ပညာဆယ်မျိုးထဲတွင် ပန်းတော့အတတ်ပညာလည်း တစ်ခုအပါအဝင်ဖြစ်သည်။ ပန်းတော့ဆိုသည်မှာ အင်္ဂတေသရွက်ဖြင့် ရုပ်လုံး၊ ရုပ်ကြွပေါ်လွင်အောင် ဖန်တီး၊ ခြယ်သ၊ မွမ်းမံကာ တန်ဆာဆင်ပြုလုပ်ထားသော ပညာဖြစ်သည်။ ဤအတတ်ပညာသည် အနုစိတ်သည့် လက်မှုအတတ်ပညာဖြစ်သည့်အလျှောက် တတ်မြောက်သူများလည်း ရှားပါးသည်။

ပန်းတော့အတတ်ပညာဖြင့် ပြုလုပ်ထားသော လက်ရာများကို ဘုရား၊ တန်ဆောင်း၊ ကျောင်းများ၏ မုခ်ဦးများ၊ နံရံများ မင်းခမ်းမင်းနားအသုံးအဆောင်နှင့် ပလ္လင်များ၊ မြန်မာနိုင်ငံအရပ်ရပ်ရှိ တန်ခိုးကြီးဘုရားများ၏ ဘုရားပလ္လင်တော်နှင့် ဂန္ဓကုဠီတိုက်များ၊ ရှေ့မြန်မာဘုရင်များ၏နန်းတော်များ၊ သာသနိကအဆောက်အအုံများ၌ တွေ့မြင်ကြရမည်။ ၎င်းပညာရပ်သည်အနုစိပ်ပြီး ပညာသားပါသော ပညာရပ်တစ်ခုဖြစ်သည်။ ကနုတ်များ၊ ပန်းများမွမ်းမံခြယ်သရာတွင် လက်ရာမြောက်ပါက ပန်းချီကားတစ်ချပ်ကဲ့သို့ လှပသေသပ်ပြီး ရှုချင်စဖွယ်ကောင်းသော ပညာရပ်ဖြစ်သည်။

ပန်းတော့ လက်မှုအတတ်ပညာဖြင့် ပြုလုပ်ထားသော ခြူးပန်းခြူးနွယ်များ၊ ဂဠုန်၊ နဂါး၊ ခြင်္သေ့၊ ဆင် အစရှိသော အရုပ်များဖြင့် မြန်မာ့ရိုးရာယဉ်ကျေးမှုအနုပညာရပ်များကို ရှုချင်စဖွယ်မွမ်းမံ တန်ဆာဆင်ထားကြသည်။ ထို့ကြောင့် ယဉ်ကျေးမှုလက်မှုအနုပညာဖြစ်သော ပန်းတော့ပညာသည်ကား အလွန်အသက်ဝင်လှသည်။ ၎င်းလုပ်ငန်းသည် လုပ်ငန်းကျယ်ပြန့်ပြီး အချိန်ကုန်သည့်အတွက် ထိုလုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်းပြုသူမှာ စိတ်ပါဝင်စားပြီး ကျွမ်းကျင်မှုရှိဖို့ အထူးလိုအပ်သည်။

ပန်တော့လုပ်ငန်းသည် မြန်မာ့ရိုးရာလက်မှုလုပ်ငန်းများထဲတွင် မြတ်နိုးတန်ဖိုးထားစရာ လက်မှုလုပ်ငန်းဖြစ်သည့်အတွက် လက်ဆင့်ကမ်းထိန်းသိမ်းစောင့်ရှောက်ဖို့ လိုအပ်ပြီး ပန်းတော့လက်မှုပညာနည်းတူ အခြားသောမြန်မာတို့၏ အနုလက်ရာများကိုလည်း ရေရှည်တည်တံ့အောင် ထိန်းသိမ်းစောင့်ရှောက်ထားကြရမည် ဖြစ်ပါတော့သည်။

ဇေယျာနိုင်(ရွှေကန်မြေ)