ကော့သောင်းမြို့တွင် (၇) ကြိမ်မြောက် ထားဝယ်အမျိုးသားနေ့ အခမ်းအနား ကျင်းပ

ကော့သောင်း ဒီဇင်ဘာ ၂

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့‌သောင်းမြို့တွင် ထားဝယ်လူမျိုးစုစည်းမှုအသင်းမှ ကျင်းပသော (၇)ကြိမ်မြောက် ထားဝယ်အမျိုးသားနေ့ အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ကော့သောင်းမြို့၊ မဉ္ဇူသကခန်းမတွင် အခမ်းအနား အစီအစဉ်အပိုင်း(၂)ပိုင်းဖြင့် ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ပထမပိုင်းအစီအစဉ်ဖြင့် ထားဝယ်သူ၊ထားဝယ်သားများ စုပေါင်း၍ မြန်မာနိုင်ငံတော်အလံနှင့် ထားဝယ်အမျိုးသား‌အလံအား အလေးပြု၍ ထားဝယ်အမျိုးသားသီချင်း သီဆိုခဲ့ကြသည်။ ယင်းနောက် ထားဝယ်လူမျိုးစုစည်းမှု ခရိုင်ဥက္ကဋ္ဌ ဦးအောင်လင်းက တနင်္သာရီတိုင်းဒေသကြီးထားဝယ်လူမျိုးစုစည်းမှု(ဗဟို)ဥက္ကဋ္ဌထံမှ ပေးပို့သော သဝဏ်လွှာအား ဖတ်ကြား၍ ထားဝယ်လူမျိုးစုစည်းမှု ခရိုင်ဒုဥက္ကဋ္ဌဦးထွန်းသိန်းက ထားဝယ်အမျိုးသားနေ့ ဖြစ်ပေါ်လာပုံနှင့် အခမ်းအနား ကျင်းပရခြင်းအကြောင်း ပြောကြားပြီး ထားဝယ်လူမျိုးစုစည်းမှု အတွင်းရေးမှူးက အခမ်းအနား ဖြစ်မြောက်ရေးအတွက် အဘက်ဘက်မှ ကူညီဆောင်ရွက်ပေးသူများအား ကျေးဇူးတင်စကား ပြောကြားခဲ့သည်။ ယင်းနောက် ကျောင်းသူလေးတစ်ဦးက ထားဝယ်ရေအိုးရွက်အကဖြင့် ဖျော်ဖြေခဲ့ပြီး မှတ်တမ်းတင် ဓာတ်ပုံများ ရိုက်ကူးခဲ့ကြပြီး ပထမပိုင်းအစီစဉ်ပြီးမြောက်ခဲ့သည်။

ယင်းနောက် ဒုတိယပိုင်းအစီအစဉ်အနေဖြင့် ဆရာတော်သံဃာတော်များအား လှူဝယ်ဝတ္တုများ ဆက်ကပ်ခြင်းနှင့် နေ့ဆွမ်းဆက်ကပ်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)