မြို့သစ်မြို့နယ်တွင် ပလတ်စတစ်အိတ်သုံးစွဲမှုမရှိစေရေးနှင့် အစားထိုးသုံးစွဲလိုက်နာဆောင်ရွက်မှုရှိစေရေး အသိပညာပေးစီစစ်ကြပ်မတ်စစ်ဆေးခြင်း ဆောင်ရွက်

မြို့သစ် ဒီဇင်ဘာ ၂

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ် စည်ပင်သာယာရေးကော်မတီအဖွဲ့မှ ပြည်သူများကြွပ်ကြွပ်အိတ်၊ တစ်ခါသုံးပလတ်စတစ်အိတ်များ လျော့နည်းသုံးစွဲစေရေးအတွက် အပတ်စဉ်တနင်္လာနေ့တိုင်း ပလတ်စတစ်အိတ်သုံးစွဲမှုမရှိစေရေးနှင့် အစားထိုးသုံးစွဲလိုက်နာဆောင်ရွက်မှုရှိစေရေး အသိပညာပေးကြပ်မတ်စစ်ဆေးခြင်းတို့ကို ယနေ့နံနက်ပိုင်းက မြို့နယ်စည်ပင်သာယာရေးအဖွဲ့ပိုင် "မြို့မ" ဈေးအတွင်း ဆောင်ရွက်ခဲ့သည်။

ထိုသို့ အပတ်စဥ်တနင်္လာနေ့တိုင်း ကြွပ်ကြွပ်အိတ်၊ ပလတ်စတစ်အိတ်များ မသုံးစွဲရေးအသိပေးလုပ်ငန်းများကို မြို့နယ်စည်ပင်သာယာရေးအဖွဲ့အမှုဆောင်အရာရှိနှင့်ဝန်ထမ်းများက မြို့နယ်စည်ပင်သာယာရေးအဖွဲ့ပိုင် မြို့မဈေးရှိစျေးရောင်းချသူများအနေဖြင့် အပတ်စဉ်တနင်္လာနေ့တိုင်း ကြွပ်ကြွပ်အိတ်၊ ပလတ်စတစ်အိတ်အစား အင်ဖက်၊ ငှက်ပျောဖက်၊ သတင်းစာစက္ကူစသည့် သင့်တော်ရာအစားထိုးထုတ်ပိုးသုံးစွဲစေရေးအတွက် ပြည်သူများအားကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်စေရေးအတွက် အသိပေးဆိုင်းဘုတ်များစိုက်ထူခြင်း၊ လက်ကိုင်စပီကာများနှင့် ပြည်သူများပါဝင်ဆောင်ရွက်ပေးနိုင်ရေး အသိပညာပေးနှိုးဆော်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

သန်းဝင်းထွန်း (မြို့သစ်)