မြိတ် ဒီဇင်ဘာ ၁
တနင်္သာရီတိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ဇော်လှိုင်နှင့်တာဝန်ရှိသူများသည် လမ်းဦးစီးဌာနမှတာဝန်ယူဆောင်ရွက်လျက်ရှိသည့် မြိတ်မြို့အဝင်လမ်း (၁၀.၇၀၂) km-(၁၂.၆၇၃)km ကြား ကတ္တရာလမ်း လမ်းတိုးချဲ့ခြင်းလုပ်ငန်းအား ယမန်နေ့က သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ရှေးဦးစွာ လမ်းဦးစီးဌာနတာဝန်ရှိသူမှ လမ်းပန်းဆက်သွယ်ရေးဝန်ကြီးအား လမ်းချဲ့ခြင်းလုပ်ငန်းနှင့်ပတ်သက်သည့် အကြောင်းအရာများအားရှင်းလင်းတင်ပြရာ လမ်းပန်းဆက်သွယ်ရေးဝန်ကြီးမှ လမ်းလုပ်ငန်းများအား အရည်အသွေးပြည့်မီစွာဖြင့် သတ်မှတ်အချိန်အတွင်းပြီးစီးအောင်ဆောင်ရွက်ရန်၊ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းအောင်ဆောင်ရွက်ရန်၊ လမ်းလုပ်ငန်းများပြီးစီးပါကလမ်းညွှန်များ၊ လမ်းအမှတ်အသားများနှင့် အချက်ပြများပါ တစ်ပါတည်းပူးတွဲဆောင်ရွက်ရန်၊ လမ်းဘေးဝဲ/ယာ စိမ်းလန်းစိုပြေရေးအတွက် အရိပ်ရ သစ်ပင်များပါ စိုက်ပျိုးပေးရန်မှာကြားသည်။
ထို့နောက် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးနှင့် တာဝန်ရှိသူများသည် ကတ္တရာလမ်း လမ်းတိုးချဲ့ခြင်းလုပ်ငန်းဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေးခဲ့ကြသည်။ အဆိုပါလမ်းလုပ်ငန်းကို တိုင်းဒေသကြီးဘဏ္ဍာရန်ပုံငွေဖြင့် ဆောင်ရွက်ခြင်းဖြစ်ပြီး မြိတ်မြို့အဝင်လမ်းအား မူလ(၂၄)ပေမှ (၃၆)ပေလမ်း တိုးချဲ့ဆောင်ရွက်လျက်ရှိကြောင်း မြိတ်ခရိုင်လမ်းဦးစီးဌာနမှ သိရသည်။
ခိုင်ထူး ( ပြန်/ဆက် )