မြိတ် ဒီဇင်ဘာ ၁
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့နယ် ကျောက်ဖျာကျေးရွာအုပ်စု ကဘင်းကျေးရွာတွင် မြိတ်-ထားဝယ် ကားလမ်းမှ ကဘင်းကျေးရွာအဝင်လမ်းကို ဒေသခံပြည်သူများ သွားလာမှုလွယ်ကူချောမွေ့စေရေးအတွက် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ကွန်ကရစ်လမ်းခြင်း ဆောင်ရွက်ခဲ့ရာ ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန မြိတ်ခရိုင်ဦးစီးမှူးထံမှ သိရသည်။
ကဘင်းကျေးရွာ အဝင်လမ်းကို ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် တနင်္သာရီတိုင်းဒေသကြီး ရန်ပုံငွေ(၁၈၄.၃) သန်းဖြင့် ရွာအဝင်လမ်း(၂)မိုင်ရှိသည့်အနက် မူလကတ္တရာလမ်းပျက်စီးနေသော (၄)ဖာလုံလမ်းအပိုင်းအား ကွန်ကရစ်လမ်း အကျယ်(၁၂)ပေ၊ ကွန်ကရစ်ထု(၇)လက်မ လမ်းခင်းခြင်းလုပ်ငန်းကို ပုလဲရွှေပြည်ကုမ္ပဏီမှတာဝန်ယူ၍ ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းဆောင်ရွက်ထားရှိမှုအား တနင်္သာရီတိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ဇော်လှိုင်နှင့် တာဝန်ရှိသူများက ယမန်နေ့က ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြသည်။ ကဘင်းကျေးရွာ အဝင်လမ်း(၂)မိုင်တွင် ဆောင်ရွက်ရန်ကျန်ရှိသည့် လမ်းပိုင်းအား လာမည့်ဘဏ္ဍာရေးနှစ်တွင် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်၍ ကဘင်းကျေးရွာနှင့် ပတ်ဝန်းကျင်ရှိ ဒေသခံပြည်သူများ ယခင်ကထက် အဆင်ပြေလွယ်ကူချောမွေ့စွာ သွားလာနိုင်မည်ဖြစ်ကြောင်း သိရသည်။
ခိုင်ထူး (ပြန်/ဆက်)