မြိတ် ဒီဇင်ဘာ ၁
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် အားကစားကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးနှင့် မျိုးဆက်သစ်ဘောလုံးအားကစားသမားများ မွေးထုတ်ပေးနိုင်ရေးအတွက် မြို့နယ်အားကစားနှင့် ကာယပညာကော်မတီဥက္ကဋ္ဌဖလား ကလပ်ပေါင်းစုံအမျိုးသားဘောလုံးပြိုင်ပွဲကို မြို့မအားကစားကွင်းတွင်ကျင်းပလျက်ရှိရာ ဗိုလ်လုပွဲကို ယမန်နေ့ ညနေပိုင်းက ကျင်းပခဲ့သည်။
ဗိုလ်လုပွဲတွင် မြို့မ FC ကလပ်အသင်းနှင့် ကန်ဖျား FC ကလပ်အသင်းတို့ အကျိတ်အနယ် ယှဉ်ပြိုင်ကစားခဲ့ကြရာ မြို့နယ်အားကစားနှင့် ကာယပညာကော်မတီဥက္ကဋ္ဌနှင့်တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများ၊ အားကစားဝါသနာရှင်များက ကြည့်ရှုအားပေးခဲ့ကြသည်။ ပြိုင်ပွဲတွင် ကန်ဖျား FC ကလပ်အသင်းက မြို့မ FC ကလပ်အသင်းအား တစ်ဂိုးဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သည်။
ဗိုလ်လုပွဲအပြီး၌ ဆုချီးမြှင့်ပွဲဆက်လက်ကျင်းပရာ ပြိုင်ပွဲတလျောက်အကောင်းဆုံးရှေ့တန်း၊ အလယ်တန်း၊ နောက်တန်းအကောင်းဆုံးဆု၊ ဂိုးသမားအကောင်းဆုံးဆု၊ အကောင်းဆုံးအားကစားသမားဆုရရှိကြသော ပြိုင်ပွဲဝင်များအား ဆုတံဆိပ်များ၊ ဒုတိယရရှိသောအသင်းနှင့် ပထမရရှိသောအသင်းတို့အား လည်ဆွဲဆုနှင့် ငွေသားဆုများကို တာဝန်ရှိသူများက အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြသည်။
ယင်းနောက် ပထမရရှိသော ကန်ဖျား FC ကလပ်အသင်းအား မြို့နယ်အားကစားနှင့် ကာယပညာကော်မတီဥက္ကဋ္ဌ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးပြည်ဟိန်းကျော်က တံခွန်စိုက်ဆုဖလား ပေးအပ်ချီးမြှင့်သည်။ အဆိုပါပြိုင်ပွဲကို ပြိုင်ပွဲဝင်အသင်း(၁၂)သင်း၊ ပြိုင်ပွဲဝင်အားကစားသမား(၂၄၀)ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး နိုဝင်ဘာ (၁၀)ရက်မှ(၃၀)ရက်အထိ ကျင်းပခဲ့ကာပြိုင်ပွဲတွင် ပထမဆုရရှိသောအသင်းအား ဂုဏ်ပြုချီးမြှင့်ငွေ ကျပ်(၁၀) သိန်းနှင့် ဒုတိယဆုရရှိသောအသင်းအား ဂုဏ်ပြုချီးမြှင့်ငွေ(၇)သိန်းကျပ် ပေးအပ်ဂုဏ်ပြုခဲ့ကြောင်း သိရသည်။
ခိုင်ထူး (ပြန်/ဆက်)