တနင်္သာရီတိုင်းဒေသကြီး ဥပဒေချုပ် မြိတ်ခရိုင်အတွင်းရှိ အရာထမ်း၊ အမှုထမ်းများနှင့်တွေ့ဆုံ

မြိတ် ဒီဇင်ဘာ ၁

တနင်္သာရီတိုင်းဒေသကြီး ဥပဒေချုပ် ဦးအုန်းသန်းသည်  မြိတ်ခရိုင်အတွင်းရှိ  မြိတ်ခရိုင်ဥပဒေရုံး၊ မြိတ်မြို့နယ်ဥပဒေရုံး၊ ကျွန်းစုမြို့နယ်ဥပဒေရုံးတို့မှ အရာထမ်း၊ အမှုထမ်းများအား ဒီဇင်ဘာ (၁)ရက် နံနက်(၉)နာရီက တွေ့ဆုံခဲ့သည်။

တွေ့ဆုံရာတွင် တနင်္သာရီတိုင်းဒေသကြီး ဥပဒေချုပ်က ဥပဒေရုံးများအနေဖြင့် အများပြည်သူလေးစားရသော ရုံးများဖြစ်စေရေး၊ ဥပဒေအကြံဉာဏ်ပေးရာတွင်သော်လည်းကောင်း၊ တရားစွဲနှင့်အမှု လိုက်ပါဆောင်ရွက်ရသော လုပ်ငန်းတာဝန်များကို ထမ်းဆောင်ရာတွင်သော်လည်းကောင်း၊ ဥပဒေနှင့်အညီ မှန်မှန်ကန်ကန်ဖြစ်စေရေး၊ ဥပဒေအသိပညာပြန့်ပွားရေး ဆောင်ရွက်ခြင်းသည် မိမိတို့၏ လုပ်ငန်းတာဝန်တစ်ရပ်ဖြစ်သလို နိုင်ငံတော်၏ မူဝါဒဖြစ်သည်နှင့်အညီ အလေးထားဆောင်ရွက်စေရေးတို့အတွက် လမ်းညွှန်မှာကြားသည်။

ယင်းနောက် မြိတ်ခရိုင် ဥပဒေအရာရှိ ဦးအေးမင်းက လုပ်ငန်းဆိုင်ရာ ကိစ္စရပ်များ ဆွေးနွေးတင်ပြပြီး မြို့နယ်ဥပဒေအရာရှိများက မြို့နယ်အလိုက်လုပ်ငန်း ဆောင်ရွက်ချက်များကို တင်ပြခဲ့ကြရာ တိုင်းဒေသကြီး ဥပဒေချုပ်က လုပ်ငန်းလမ်းညွှန်မှာကြား၍ နိဂုံးချုပ်အမှာစကား ပြာကြားသည်။

ဆက်လက်၍ တိုင်းဒေသကြီး ဥပဒေချုပ်သည် မြိတ်ခရိုင် ဥပဒေရုံးဝန်းအတွင်း ဆောင်ရွက်လျက်ရှိသော မြေထိန်းနံရံပြုလုပ်ခြင်း၊ ကွန်ကရစ်ခင်းခြင်းနှင့် အုတ်တံတိုင်းခြံစည်းရိုး ပြုလုပ်ခြင်းတို့နှင့် စပ်လျဉ်း၍ လုပ်ငန်းပြီးစီးမှု အခြေအနေကို  ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ခိုင်ထူး (ပြန်/ဆက်)