ဘားအံ ဒီဇင်ဘာ ၁
ကရင်ပြည်နယ်အစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသော မြန်မာသက္ကရာဇ် ၁၃၆၈ ခုနှစ်၊ စာဆိုတော်နေ့ အထိမ်းအမှတ်စာပေဟောပြောပွဲနှင့် ဇာတ်တော်ကြီး သရုပ်ဖော်တင်ဆက်ပွဲ အခမ်း အနားကို ယနေ့နံနက်ပိုင်း ၉ နာရီ၌ ဘားအံမြို့၊ ဇွဲကပင်ခန်းမ၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ကရင်ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြသည်။
ထို့နောက် ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက ရှေးမြန်မာဘုရင်များ လက်ထက်က မင်းမဟာဂီရိ၊ မဟာပိန္နဲနတ်ပွဲနဲ့ စာပြန်ပွဲများ ကျင်းပခဲ့ကြရာ ယခုကာလမှာတော့ စာပြန်ပွဲနဲ့ စာဆိုတော်ပွဲများ ကျင်းပခဲ့ကြပြီး နတ်တော်လကို စာဆိုတော်လ ရာသီလို့ခေါ်ကြပြီး စာပေဖြင့် လောကကို အလှဆင်ကြတဲ့ ရဟန်းရှင်လူ စာဆိုတော်များကို ချီးမြှင့်ခြင်း၊ ပူဇော်ကန်တော့ခြင်းများ ပြုလုပ်ပြီး စာဆိုတော်ပွဲ ကျင်းပခဲ့ပါကြောင်း၊ ၁၃၀၆ ခုနှစ်၊ နတ်တော်လဆန်း (၁)ရက်နေ့ကစပြီး စာဆိုတော်နေ့အထိမ်းအမှတ်ပွဲ ကျင်းပခဲ့ကြတဲ့အပြင် နတ်တော်လတစ်လအတွင်း စာပေဟောပြောပွဲများ၊ စာဆိုတော်ကြီးများကို ဂုဏ်ပြုတဲ့ ပဒေသာကပွဲများ၊ ပြဇာတ်များ ကပြတင်ဆက်ခဲ့ကြပါကြောင်း၊ ကျောင်းသား၊ကျောင်းသူ လူငယ်မောင်မယ်များအနေနဲ့ စာကောင်းပေမွန်များ ဖတ်ရှုလေ့လာခြင်းဖြင့် အမှား/အမှန် ခွဲခြားသိမြင်တဲ့ “ပညာ” ကိုယ့် ပတ်ဝန်းကျင်ဒေသရဲ့ အခြေအနေမှန်ကို မှန်မှန်ကန်ကန် တွေးခေါ်မြော်မြင်နိုင်တဲ့ “စွမ်းရည်”တို့ ရရှိအောင် ကြိုးပမ်းကြပြီး စာပေအနုပညာစွမ်းအားဖြင့် အသိပညာဗဟုသုတ ကြွယ်ဝပြီး မှန်ကန်တဲ့ အတွေးအခေါ် အယူအဆများနဲ့ နိုင်ငံတော်တည်ဆောက်ရေး လုပ်ငန်းများမှာ ပါဝင် ပူးပေါင်းဆောင်ရွက်ပေးကြဖို့ တိုက်တွန်း အမှာစကား ပြောကြားခဲ့ပါသည်။
ထို့အပြင် ပြည်နယ်ဝန်ကြီးချုပ်က ကရင်ပြည်နယ်အစိုးရအဖွဲ့မှ စာဆိုတော်နေ့ အထိမ်းအမှတ် စာပေဟောပြောပွဲနှင့် ဇာတ်တော်ကြီးသရုပ်ဖော်တင်ဆက်ခြင်း အကပညာရှင်အနုပညာရှင်များအား ထောက်ပံ့ငွေကျပ်(၄၃၅၅၀၀၀/-) ချီးမြှင့်ပေးခဲ့ရာ ပြည်နယ်ပညာရေးမှူးမှ လက်ခံရယူပြီး ကရင်ပြည်နယ် စာကြည့်တိုက်များဖောင်ဒေးရှင်းဥက္ကဋ္ဌ၊ ဦးသောင်းထွန်းက အချစ်ဦးနှင့်ပြန်ဆုံခြင်းကို နောက်ခံတေးဂီတ သရုပ်ဖော်ဖြင့် ဟောပြောသည်။
ယင်းနောက် နေပြည်တော် ဆို၊ က၊ ရေး၊ တီး ပြိုင်ပွဲ၌ ငွေတံဆိပ်ဆုရရှိသည့် အကပညာရှင် များနှင့် အနုပညာရှင်များက သတ္တုခ သူခိုးကြီးနှင့် ကုဏ္ဍလကေသီ သူဌေးသမီးဇာတ်လမ်းကို မြန်မာ့ရိုးရာ ဇာတ်သဘင်အနုပညာ အဆို၊ အငို၊ အပြော၊ အက၊ အလှတို့ဖြင့် သရုပ်ဖော် ဖျော်ဖြေတင်ဆက်ကပြပြီး ပြည်နယ်ဝန်ကြီးချုပ်က စာပေဟောပြောပေးသူနှင့် အတီးပညာရှင်၊ ဖျော်ဖြေတင်ဆက်ပေးသော အနုပညာရှင်များအား ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ခဲ့သည်။
ဆက်လက်၍ ဘားအံမြိုု့၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ သင်ထောက်ကူပစ္စည်းများ လက်တွေ့ အသုံးချသင်ကြားနိုင်ရေးအတွက် အခြေခံပညာအထက်တန်းဆင့်သင် ဆရာ/မများအား အရည်အသွေးမြှင့် ဆွေးနွေးပွဲ အခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၂ နာရီက ဘားအံတက္ကသိုလ်၊ ဘွဲ့နှင်းသဘင် ခန်းမ၌ ကျင်းပခဲ့ရာ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရား သူကြီးချုပ်၊ အစိုးရအဖွဲ့ဝင်များ၊ ပါမောက္ခချုပ်၊ ပါမောက္ခများ၊ ကထိကများနှင့် ပြည်နယ် အဆင့်ဌာနဆိုင်ရာများနှင့် ဆရာ/ဆရာမများ တက်ရောက်ကြပြီး ဘားအံမြို့ အမှတ်(၄) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/ကျောင်းသူများက ငြိမ်းချမ်းပါစေ မြန်မာပြည် သီချင်းဖြင့် ကပြဖျော်ဖြေခဲ့သည်။
ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက သင်ထောက်ကူပစ္စည်းများ လက်တွေ့အသုံးချ သင်ကြားနိုင်ရေးအတွက် အခြေခံပညာအထက်တန်းဆင့်သင် ဆရာ/မများအား အရည်အသွေးမြှင့် ဆွေးနွေးပွဲ အခမ်းအနားတွင် သင်ထောက်ကူပစ္စည်းများ လက်တွေ့အသုံးချနိုင်စေရေး အတွက် ဘားအံတက္ကသိုလ်မှ နည်းပြဆရာ/ဆရာမများက သင်ကြားပို့ချပေးမှာဖြစ်ပြီး ကရင်ပြည် နယ်အတွင်းရှိ အခြေခံပညာ ထက်ဆင့် သင်ကျောင်းများမှ ဓာတုဗေဒဘာသာရပ်သင် အထက်တန်း ပြဆရာ/ဆရာမ (၁၆၅)ဦး၊ ရူပဗေဒဘာသာရပ်သင် အထက်တန်းပြဆရာ/ဆရာမ (၁၆၆)နှင့် ဇီဝဗေဒဘာသာရပ်သင် အထက်တန်းပြဆရာ/ဆရာမ (၁၃၇)ဦး၊ စုစုပေါင်း (၄၆၈)ဦးက (၃၀-၁၁-၂၀၂၄ မှ ၁-၁၂-၂၀၂၄)ရက်နေ့အထိ (၂)ရက်တာ တက်ရောက်ကြရမှာဖြစ်ပြီး အချိန်တိုအတွင်း လေ့လာဆွေးနွေးရသည့်အတွက် ထိရောက်စွာ ပြန်လည်ပို့ချနိုင်စေရေး အတွက် အထူးဂရုစိုက် လေ့လာသင်ယူဆွေးနွေးသွားကြရန် လိုအပ်ပါကြောင်း၊ မိမိတို့၏တပည့်များအား ဗလငါးတန် ပြည့်ဝပြီး ထူးချွန်ကောင်းမွန်သည့် လူသားအရင်းအမြစ်များ မွေးထုတ်ပေးနိုင်ရေးအတွက်လည်း သင်ကြားပြသပေးကြဖို့ လိုအပ်ပါကြောင်း တိုက်တွန်းမှာကြားခဲ့သည်။
ထို့နောက် ဘားအံတက္ကသိုလ်ပါမောက္ခချုပ်မှ သင်တန်းပို့ချဆောင်ရွက်နိုင်ရေး စီစဉ်ထားရှိမှုအား ရှင်းလင်းတင်ပြကာ ပြည်နယ်ပညာရေးမှူးရုံး ညွှန်ကြားရေးမှူးက ဆရာ/ဆရာမများ ဆွေးနွေးပွဲတက်ရောက်နိုင်ရေး စီစဉ်ထားရှိမှုများအခြေအနေများအား ရှင်းလင်းပြီးနောက် ပြည်နယ်ဝန်ကြီးချုပ်က ဆွေးနွေးပွဲသို့ တက်ရောက်လာသော ဆရာ/ဆရာမများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြောင်း သတင်းရသည်။
ပြည်နယ်(ပြန်/ဆက်)