ထိုင်းနိုင်ငံ ဘန်ကောက်ထိစျေးကွက်ရှိနေသည့် ဖြူးမြို့နယ်မှ တစ်ပိုင်တစ်နိုင် မြေပဲယိုလုပ်ငန်း

ဖြူး ဒီဇင်ဘာ ၁

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်ဒေသတွင်း သာမကအခြားပြည်နယ်နှင့် တိုင်းဒေသကြီးအပြင် ထိုင်းနိုင်ငံဘန်ကောက်မြို့ထိ စျေးကွက်ရှိနေသည့် တစ်ပိုင်တစ်နိုင်မြေပဲယိုလုပ်ငန်းကို မိသားစုဝင်​​ငွေအတွက် ဆက်လက်လုပ်ကိုင်နေလျက်ရှိကြောင်း သိရသည်။

ပိုင်ရှင်ဒေါ်မြင့်မြင့်ကြည်က "ဒီလုပ်ငန်းကို စတင်လုပ်ခဲ့တာကတော့ ၁၉၇၈  ခုနှစ်က စခဲ့တာဆိုတော့ နှစ်ပေါင်း (၄၆)နှစ်တိုင်ခဲ့ပါပြီ အဲ့တုန်းက ထန်းလျက်မြေပဲယိုပဲ လုပ်နိုင်ခဲ့တာပါ။ ဒီလိုပုံစံမျိုး၊ အပြင်အဆင်ထုပ်ပိုးမှုစနစ်နဲ့တောင်မဟုတ်ခဲ့ပါဘူး၊ အခုတော့စျေးကွက်အလိုက် ပြုပြင်ရောင်းချခဲ့တာ ဖြစ်ပါတယ်။ လက်ရှိအနေနဲ့ ခြင်္သေ့မင်းဆိုပြီး မြေပဲယို တစ်ပိုင်တစ်နိုင် လုပ်ရောင်းတာကတော့ ကြံသကာမြေပဲယို၊ သကြားမြေပဲယို၊ သကြားနှမ်းယိုတွေပါ။ ပုံစံအမျိုးမျိုးပြုလုပ်ရောင်းချပါတယ်။ ကြံသကာမြေပဲယိုကို (၄)မျိုးလုပ်တဲ့အခါမှာ အချပ်ကြီး အချပ်သေး ရိုးရိုးလုပ်တယ်၊ အနားနှစ်ဖက် မြေပဲဗို့သားလေးနဲ့ နှမ်းဖြူးပေးတာတစ်မျိုး သူက(၅)ချပ်တွဲ တစ်ထုပ် (၇,၀၀၀)ကျပ်၊  ဗို့တစ်ဖက်နဲ့ တစ်ချပ်ကို (၂,၈၀၀)ကျပ်၊ သကြားမြေပဲယို (၅)ချပ်တွဲတစ်ထုပ်က (၇,၀၀၀)ကျပ်၊ သကြားနှမ်းယို(၅)ချပ်တွဲတစ်ထုပ်က (၆,၀၀၀)ကျပ်ပါ။ သကြားမြေပဲယိုကိုဆိုရင် ၁၉၈၁ခုနှစ်လောက်ကစပြီး ကိုယ့်ဖော်မြူလာနဲ့ကို စမ်းသပ်လုပ်ခဲ့ရတာပါ အဲ့တုန်းက ကုန်ကြမ်းပစ္စည်းတွေက စျေးပေါတော့ အကြိမ်ကြိမ်အပျက်အစီးခံပြီး အဆင်ပြေတော့မှ စျေးကွက်တင်ခဲ့တာပါ အဲ့ဒီလို အခက်အခဲနဲ့ ကြုံခဲ့ရပါတယ်။ စျေးကွက်အနေနဲ့ကတော့ ဖြူးဒေသဆိုရင် ဖြူးမြို့ပေါ်မှာလည်းဆိုင်ဖွင့်ရောင်းပါတယ်၊ ကညွတ်ကွင်းကမှာယူရောင်းတာရှိပါတယ်၊ နောက် ရန်ကုန်၊ မန္တလေး၊ ပဲခူး၊ မိတ္ထီလာ၊ ပန်းတနော်၊ မူဆယ်၊ ထိုင်းနယ်စပ်မြဝတီမြို့တွေကို မှာသလောက်ပို့ပေးရပါတယ်၊ ဒေသခံတွေမှာယူရောင်းလို့ထိုင်းနိုင်ငံ၊ ဘန်ကောက်ထိတောင် ရောက်ပါတယ်" ဟုပြောသည်။

အဆိုပါတစ်ပိုင်တစ်နိုင်မြေပဲယိုလုပ်ငန်းကို ဆက်လက်လုပ်ကိုင်နေကြောင်းနှင့် လုပ်ငန်းတိုးချဲ့ချင်သော်လည်း ကုန်ကြမ်းနှင့်သယ်ယူပို့ဆောင်မှု၊ အလုပ်သမားအခက်အခဲတွေကြောင့် လက်ရှိအတိုင်းအတာသာ လုပ်ကိုင်ရောင်းနေကြောင်း ပိုင်ရှင်များထံမှ သိရသည်။

နေမျိုးလွင် (ပြန်/ဆက်)