ပွင့်ဖြူမြို့နယ် ရွာခိုင်ကျေးရွာ၌ စိုက်ပျိုးရေးဆိုင်ရာ တောင်သူပညာပေး ဆွေးနွေးပွဲ ကျင်းပ

ပွင့်ဖြူ ဒီဇင်ဘာ ၁

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် တောင်သူအကျိုးဆောင်အသင်း (FFA) က မြို့နယ်အတွင်း စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် အရည်အသွေးမြင့်သီးနှံများ တိုးချဲ့စိုက်ပျိုးထုတ်လုပ်နိုင်ရန် ရည်ရွယ်ကျင်းပသည့် စိုက်ပျိုးရေးဆိုင်ရာ တောင်သူပညာပေးဆွေးနွေးပွဲကို နိုဝင်ဘာ ၃၀ ရက်နေ့က ပွင့်ဖြူမြို့နယ် ရွာခိုင်ကျေးရွာ ဘုရားကြီးဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့သည်။

ဆွေးနွေးပွဲတွင် ပွင့်ဖြူမြို့နယ်တောင်သူအကျိုးဆောင်အသင်း(FFA)ဥက္ကဋ္ဌ ဦးမြင့်အောင်က စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးနှင့် အရည်အသွေးကောင်းမွန်သော သီးနှံများ တိုးချဲ့စိုက်ပျိုး ထုတ်လုပ်နိုင်ရေးအတွက် ရေမြေဒေသနှင့် ကိုက်ညီသော မျိုးကောင်းမျိုးသန့် ရွေးချယ်စိုက်ပျိုးရေး ၊ မြေဆီလွှာဖွံ့ဖြိုးတိုးတက်ရေးနှင့် သဘာဝပတ်ဝန်းကျင် ကာကွယ်ထိန်းသိမ်းနိုင်ရေးဆိုင်ရာလုပ်ငန်းများ၊ စိုက်ပျိုးရေးလုပ်ငန်းအတွက် လိုအပ်သော သဘာဝဓာတ်မြေဩဇာနှင့်  စိုက်ပျိုးရေးသွင်းအားစု ပစ္စည်းများ တောင်သူများစုပေါင်း၍  ဝယ်ယူသုံးစွဲနိုင်ရန် အသင်းမှ ကူညီဆောင်ရွက်ပေးမည့် အစီအစဉ်များကို ရှင်းလင်းဆွေးနွေးပြောကြားသည်။

ဆက်လက်၍ မြို့နယ်တောင်သူအကျိုးဆောင်ကော်မတီဝင်များက ဆောင်းသီးနှံစိုက်ပျိုးရာသီအတွက် ဒေသခံတောင်သူများ သီးနှံများ အဆင်ပြေစွာ စိုက်ပျိုးနိုင်ရေး ပြည့်လျှံသဘာဝမြေဩဇာ ကုမ္ပဏီနှင့် ချိတ်ဆက်၍ မြေဩဇာအိတ်များ ဖြန့်ဖြူးရောင်းချပေးမည့် အစီအစဉ်များနှင့် သဘာဝစိုက်ပျိုးရေး သွင်းအားစုပစ္စည်းများ ထုတ်လုပ်နည်းပညာများကို အသိပညာပေးဆွေးနွေး ဟောပြောသည်။

ထို့နောက် တက်ရောက်လာသည့် ကျေးရွာတောင်သူအကျိုးဆောင်ကော်မတီဝင်များနှင့် ဒေသခံ ပြည်သူများက စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဖြည့်ဆည်းဆောင်ရွက်ပေးလိုသည့် ကိစ္စရပ်များကို တင်ပြဆွေးနွေးကြရာ တာဝန်ရှိသူများက ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။ အဆိုပါ တောင်သူပညာပေးဆွေးနွေးပွဲသို့ ပွင့်ဖြူမြို့နယ် ရွာခိုင်ကျေးရွာနှင့် အနီးဝန်းကျင်ကျေးရွာများမှ တောင်သူအကျိုးဆောင်ကော်မတီဝင်များနှင့် ဒေသခံပြည်သူ ၁၁၀ ဦး တက်ရောက်ပါဝင်ဆွေးနွေးခဲ့ကြ ကြောင်း သိရသည်။   

လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)