ပဲခူး ဒီဇင်ဘာ ၁
၂၀၂၄ခုနှစ်၊ ကမ္ဘာ့ခုခံအားကျဆင်းမှု ကူးစက်ရောဂါတိုက်ဖျက်ရေးနေ့ (World AIDS Day) အခမ်းအနားကို ယနေ့ နံနက်ပိုင်းက ပဲခူးမြို့၊ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်ရာ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီးဒေါ်စိုးစိုးသက်တို့ တက်ရောက်ချီးမြှင့်ခဲ့သည်။
ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းက ယခုနှစ် ကမ္ဘာ့ခုခံအား ကျဆင်းမှု ကူးစက်ရောဂါတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ဆောင်ပုဒ်သည် "အေအိုင်ဒီအက်စ်ကင်းဝေးဖို့၊ သာတူညီမျှအလေးပေးလို့၊ အားလုံးဝိုင်းဝန်းပံ့ပိုးစို့” ဖြစ်ပြီး အိပ်ချ်အိုင်ဗွီပိုးရှိရှင်သန်သူများနှင့် ဦးတည်အုပ်စုဝင်များ၏ အရည်အသွေး ပိုမိုပြည့်ဝလာပြီး ရောဂါကာကွယ်ရေးနှင့် ကုသရေး လုပ်ငန်းများ ပိုမိုဆောင်ရွက်လာစေရန်နှင့် အိပ်ချ်အိုင်ဗွီပိုးကူးစက်ခံထားရသူများ၏ သာတူညီမျှ အခွင့်အရေးများရရှိရန် ရည်ရွယ်ချက်ဖြင့် ယခုနှစ် ကမ္ဘာ့ခုခံအားကျဆင်းမှု ကူးစက်ရောဂါ တိုက်ဖျက်ရေးနေ့ အခမ်းအနားကို ကျင်းပရခြင်းဖြစ်ကြောင်း၊ လူထုအတွင်း အိပ်ချ်အိုင်ဗွီရောဂါပိုးနှင့် ပတ်သက်၍ ခွဲခြားနှိမ့်ချဆက်ဆံမှုများ လျော့ကျစေရန် ကျန်းမာရေးဝန်ထမ်းများကိုလည်းကောင်း၊ ပိုးရှိရှင်သန်သူများကိုလည်းကောင်း၊ အလုပ်ရုံ၊ စက်ရုံများကိုလည်းကောင်း ဟောပြောပွဲများပြုလုပ်ခြင်း၊ သင်တန်းများပြုလုပ်ခြင်းနှင့် အလုပ်ရုံ ဆွေးနွေးပွဲများပြုလုပ်ခြင်းတို့ကို ပိုမိုဆောင်ရွက်လျက်ရှိကြောင်း၊ ပြည်သူလူထုတစ်ရပ်လုံးက ကဏ္ဍပေါင်းစုံမှ ပူးပေါင်းပါဝင်မှသာ ကာကွယ်ရေးနှင့်ကုသရေးလုပ်ငန်းများကို ပိုမိုတိုးချဲ့ လုပ်ဆောင်နိုင်မှာဖြစ်လို့ ပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြရန် အမှာစကား ပြောကြားခဲ့သည်။
ထို့နောက် ကမ္ဘာ့ခုခံအားကျဆင်းမှု ကူးစက်ရောဂါတိုက်ဖျက်ရေးနေ့ (World AIDS Day) အထိမ်းအမှတ် အထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲတွင် ဆုရရှိသူများအား တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ဆုများချီးမြှင့်ပေးအပ်ခဲ့သည်။
ယင်းနောက် ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏ သဝဏ်လွှာကို ပဲခူးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဇော်မင်းထွန်းက ဖတ်ကြားခဲ့ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးချုပ်၊ အစိုးရအဖွဲ့ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ အခမ်းအနား တက်ရောက်လာကြသူများက ပြသထားသည့် ကျန်းမာရေးပညာပေးပြခန်းအား လှည့်လည်ကြည့်ရှုခဲ့ကြကြောင်း သတင်းရသည်။
သက်ဖြိုးကြိုင်(ပြန်/ဆက်)