မုံရွာ ဒီဇင်ဘာ ၁
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး တရားသူကြီးချုပ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူများသည် ယမန်နေ့ နံနက်ပိုင်းတွင် မုံရွာမြို့၊ အောင်ချမ်းသာရပ်ကွက်ရှိ အောင်ချမ်းသာဈေးသို့ရောက်ရှိရာ မုံရွာမြို့နယ်အမှုဆောင်အရာရှိ ဦးထွန်းထွန်းက ဈေးဆိုင်ခန်းများ၌ ဈေးသည်များ ဈေးရောင်းချနေမှု အခြေ အနေများနှင့် ကာလကြာမြင့်ပြီဖြစ်သည့် သံဖရိမ်ဈေးရုံ အလျား - ၁၀၂ ပေ၊ အနံ - ၅၁ ပေ ရှိဈေးရုံ၊ သစ် သားဈေးရုံ - ၆ ရုံ၊ သားငါးတန်း၊ သစ်သီးတန်းဈေးရုံများ ပြန်လည်ပြုပြင်တည်ဆောက် ပြီးစီးမှုအခြေအနေများ၊ ဈေးအတွင်းရေစီးရေလာကောင်းမွန်ရေး ရေနှုတ်မြောင်းများ ပြန်လည်တူးဖော်နေမှုနှင့် ဈေးကြီးအားခြံစည်းရိုးကာရံနေမှု လုပ်ငန်းများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က ဈေးအတွင်းရှိ ဈေးဆိုင်ခန်းများသန့် ရှင်းသပ်ရပ်မှု ရှိစေရေး၊ ရေစီးရေလာကောင်းမွန်စေရေး၊ ဈေးရုံအဆောက်အဦများအား သတ်မှတ်အရည် အသွေးများနှင့်အညီ ရေရှည်ကြံ့ခိုင်မှု ရှိအောင်တည်ဆောက်သွားရေးနှင့် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်သွားရေးနှင့် တည်ဆောက်ပြီးစီးခဲ့သည့် ဈေးဆိုင်ခန်းများအား ယခင်မူလဈေးရောင်းခဲ့ချသူများထံ စနစ်တကျ ပြန်လည်ခွဲဝေ နေချထားသွားရေးတို့အား မှာကြားကာ တည်ဆောက်ရေးလုပ်ငန်းများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက အောင်ချမ်းသာဈေးအတွင်း ဈေးရုံအဆောက်အဦများ ပြန်လည်ပြုပြင်တည်ဆောက်ပြီးစီးမှု၊ ရေနုတ် မြောင်းများ တူးဖော်နေမှုနှင့် ခြံစည်းရိုးကာရံနေမှုလုပ်ငန်းများအား လိုက်လံကြည့်ရှုစစ်ဆေးကာ ဈေးရောင်းချသူများအား ဈေး၏လိုအပ်ချက်များကို ရင်းရင်းနှီးနှီးလိုက်လံ မေးမြန်းခဲ့သည်။
ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသူ မုံရွာမြို့၊ ဘုရား ကြီးရပ်ကွက်ရှိ သီရိရတနာဈေးသို့ ရောက်ရှိရာ မုံရွာမြို့နယ်အမှုဆောင်အရာရှိက သီရိရတနာဈေးအတွင်း ဈေးဆိုင်ခန်းများရောင်းချနေမှု အခြေအနေများနှင့် ကာလကြာမြင့်နေပြီဖြစ်သည့် ဈေးရုံအဆောက်အဦများနှင့် ဈေးဆိုင်ခန်းများ ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများအား ရှင်းလင်းတင်ပြသည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က သီရိရတနာဈေးကြီးနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်း ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ပြီး ဈေးကြီးအတွင်းရှိ ဈေးရုံအဆောက်အဦများနှင့် ဈေးဆိုင် ခန်းများပျက်စီးနေမှု အခြေအနေများအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြပြီး ဈေးသစ်ကြီး ပြန်လည်တည်ဆောက်နိုင်ရေးအတွက် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့် ဆည်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး (ပြန်/ဆက်)