မြိတ် ဒီဇင်ဘာ ၁
တနင်္သာရီတိုင်းဒေသကြီး ဓာတ်သတ္တု(ရွှေ)ရောင်းဝယ်ခြင်း ဝန်ဆောင်မှုလုပ်ငန်း ကနဦးစိစစ်ရေးအဖွဲ့မှ လုပ်ငန်းလိုင်စင်လျှောက်ထားမှုနှင့်စပ်လျဉ်း၍ ဓာတ်သတ္တု(ရွှေ) ရောင်းဝယ်ခြင်း ဝန်ဆောင်မှုလုပ်ငန်း လိုင်စင်လျှောက်ထားမည့် ရွှေဆိုင်လုပ်ငန်းရှင်များအား လုပ်ထုံးလုပ်နည်းများ ရှင်းလင်းဆွေးနွေးခြင်းကို ယမန်နေ့ နေ့လယ်ပိုင်းက မြိတ်မြို့ ပုလဲရတနာခန်းမတွင် ပြုလုပ်ခဲ့သည်။
ရှင်းလင်းဆွေးနွေးရာတွင် ကနဦးစိစစ်ရေးအဖွဲ့ဝင် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးမှ ညွှန်ကြားရေးမှူး ဦးတေဇာအောင်က စံချိန်မီရွှေရောင်းဝယ်ခြင်း ဝန်ဆောင်မှုလုပ်ငန်းလိုင်စင် လျှောက်ထားခြင်းဆိုင်ရာ လုပ်ထုံး လုပ်နည်းများနှင့် (၂၀၁၂)ခုနှစ်၊ အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေပုဒ်မများကို ရှင်းလင်းပြောကြားခဲ့ပြီး ကနဦးစိစစ်ရေးအဖွဲ့ဝင် တိုင်းဒေသကြီး အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးမိုးသန့်ဇင်က လျှောက်လွှာပုံစံပါ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းပမာဏ၏ (၂၅)ရာခိုင်နှုန်းကို လုပ်ငန်းအတွက် ရင်းနှီးမြှုပ်နှံငွေထား ရှိရန်နှင့် ယင်းငွေရှိကြောင်း ဘဏ်စာရင်းရှင်းတမ်း (Bank Statement) ထားရှိရန်၊ လျှောက်လွှာပါလုပ်ငန်း ပမာဏအလေးချိန်ကို ဖော်ပြရန် အကြောင်းအရာများကို ရှင်းလင်းပြောကြားသည်။
ထို့နောက် တိုင်းဒေသကြီး ပြည်တွင်းအခွန်များဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်သိန်းက ဓာတ်သတ္တု(ရွှေ) ရောင်းဝယ်ခြင်းလုပ်ငန်း ကနဦးမှတ်ပုံတင်ရာတွင် ပြည်တွင်းအခွန်များ ဦးစီးဌာနနှင့် စပ်လျဉ်းသည့် အခွန်ကောက်ခံမှုဆိုင်ရာ လုပ်ထုံးလုပ်နည်းများနှင့် အမှတ်(၂) သတ္တုတွင်းလုပ်ငန်း ဒု-အထွေထွေမန်နေဂျာ ဒေါ်ဥမ္မာအေးက စံချိန်မီ ရွှေရောင်းဝယ်ခြင်း ဝန်ဆောင်မှုလုပ်ငန်းလိုင်စင် လျှောက်ထားခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းများကို ရှင်းလင်းဆွေးနွေးခဲ့သည်။ ဆက်လက်၍ မြိတ်မြို့နယ်ရွှေလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌနှင့် တက်ရောက်လာကြသူများက လုပ်ငန်းလိုင်စင်လျှောက်ထားရန်ကိစ္စနှင့် ပတ်သက်၍ သိရှိလိုသည်များကို မေးမြန်းခဲ့ရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဖြေကြားခဲ့ကြသည်။
အဆိုပါ ရှင်းလင်းဆွေးနွေးခြင်းကို တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်ချက်ဖြင့် ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး တနင်္သာရီတိုင်းဒေသကြီး ဓာတ်သတ္တု (ရွှေ)ရောင်းဝယ်ခြင်း ဝန်ဆောင်မှု လုပ်ငန်းကနဦးစိစစ်ရေးအဖွဲ့ဝင် တိုင်းဒေသကြီး ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ခရိုင်/မြို့နယ် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် မြိတ်မြို့နယ် ရွှေလုပ်ငန်းရှင်များအသင်းနှင့် ရွှေဆိုင်လုပ်ငန်းရှင် စုစုပေါင်း(၈၀)ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။
ခိုင်ထူး (ပြန်/ဆက် )