ဘားအံ ဒီဇင်ဘာ ၁
ကရင်ပြည်နယ်အတွင်း ယခုနှစ်တွင် စာကြည့်တိုက်သစ် (၇)တိုက် တည်ဆောက်ဖွင့်လှစ်သွားမည်ဖြစ်ပြီး ဘားအံခရိုင်တွင် (၅)တိုက်ဖွင့်လှစ်ရန် လျာထားဆောင်ရွက်လျက်ရှိရာ ယမန်နေ့ နံနက်ပိုင်းက စတုတ္ထမြောက် စာကြည့်တိုက်သစ်ဖွင့်ပွဲအနေဖြင့် လှိုင်းဘွဲမြို့နယ်၊ ကစိုကျေးရွာအုပ်အုပ်စု ထယော်ကော်စာကြည့်တိုက်သစ်ဖွင့်ပွဲကို အဆိုပါ စာကြည့်တိုက်သစ်တည်နေရာ၌ ကျင်းပသည်။
အဆိုပါစာကြည့်တိုက်သစ်ကို မြန်မာနိုင်ငံစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးပူးပေါင်း ဆောင်ရွက်မှုကော်မတီ၏ မတည်ထောက်ပံ့ငွေကျပ်သိန်း(၁၅၀)၊ ပြည်သူလူထုထည့်ဝင် လှူဒါန်းငွေကျပ် သိန်း(၅၀)၊ စုစုပေါင်းငွေကျပ်သိန်း(၂၀၀)ဖြင့် တည်ဆောက်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး ဖွင့်ပွဲအခမ်းအနားတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက ယနေ့အချိန်တွင် စာကြည့်တိုက်များနှင့် စာအုပ်စာပေများသည် မိမိတို့ လက်လှမ်းမီသောနေရာများတွင် တည်ရှိနေပြီမို့ လွယ်လင့်တကူလေ့လာဖတ်ရှိုနိုင်ကြောင်း၊ စာကြည့်တိုက်များသည် လူတန်းစားမရွေး၊ အသက်ကြီးငယ်မရွေး၊ လူမျိုးဘာသာမခွဲခြားဘဲ ဗဟုသုတ ရှာမီးရာနေရာတစ်ခုလည်း ဖြစ်သည့်အတွက်ကြောင့် စာကြည့်တိုက်မှ စာအုပ်စာပေများကို ဖတ်ရှုပြီး ဘဝတိုးတက်အောင်မြင်အောင်၊ မိမိတို့၏အနာဂတ်မျိုးဆက်သစ် လူငယ်များကိုလည်း အစဉ်အမြဲ စာပေဖတ်ရှုလေ့လာနိုင်အောင်၊ စာဖတ်များအောင် တိုက်တွန်းကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် စေတနာရှင်အလှူရှင်များက ပြည်နယ်ဝန်ကြီးချုပ်ထံ ထယော်ကော်စာကြည့်တိုက် ငွေပဒေသာပင်အတွက် ငွေကျပ်(၄၂)သိန်းကို ပေးအပ်လှူဒါန်းကြရာ ပြည်နယ်ဝန်ကြီးချုပ်က ဂုဏ်ပြု မှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ပြီး ကရင်ပြည်နယ်စာကြည့်တိုက်များဖောင်ဒေးရှင်းမှ တာဝန်ရှိသူများက လူမှုရေးဝန်ကြီးထံ ထယော်ကော်စာကြည့်တိုက်အတွက် စာအုပ်စာစောင်များကို ပေးအပ်လှူဒါန်းရာ ပြည်နယ်ဝန်ကြီးက ဂုဏ်ပြု မှတ်တမ်းလွှာများ ပြန်လည်ပေးအပ်သည်။
ယင်းနောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးမောင်မောင်က စာကြည့်တိုက်တည်ဆောက်ဖွင့်လှစ်မှုနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြပြီး ဘားအံခရိုင် အုပ်ချုပ်ရေးမှူးက စာကြည့်တိုက်နှင့် ပတ်သက်သည့် စာရွက်စာတမ်းများ၊ စာအုပ်/စာစောင်နှင့် ပရိဘောဂများကို စာကြည့်တိုက်ကော်မတီထံ လွှဲပြောင်းပေးအပ်ကာ စာကြည့်တိုက်ကော်မတီဝင် ရပ်မိရပ်ဖတစ်ဦးက ကျေးဇူးတင်စကားပြန်ပြန်လည်ပြောကြားခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများသည် (၂၀x၁၉)RC တစ်ထပ် အဆောက်အဦနှင့် သုတ၊ ရသ စာအုပ်စာစောင်ပေါင်း (၅၂၀)အုပ်ခန့်ရှိ ထယော်ကော် စာကြည့်တိုက်သစ်အား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးကာ စာကြည့်တိုက်အဆောက်အဦအား အမွေးနံ့သာရည်များ ပက်ဖြန်းပေးကြပြီး စာကြည့်တိုက်အတွင်း လှည့်လည်ကြည့်ရှုအားပေးခဲ့ကြသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်များက လှိုင်းဘွဲ-ကမော့ကချူး မွေးမြူရေးဇုံ ရှင်းလင်းဆောင်၌ မွေးမြူရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံ၍ ဒေသတွင်း သားငါးများ ဖူလုံစွာ သုံးစွဲ စားသောက်နိုင်ရေးအတွက် တိရစ္ဆာန်များအား စနစ်တကျ တိုးချဲ့မွေးမြူနိုင်ရေး၊ တိရစ္ဆာန် အစာပင်များ စိုက်ပျိုးသွားရန်နှင့် လိုအပ်သည်များ မှာကြားပြီး တိရစ္ဆာန်ကုသဆေး၊ ပိုးသတ်ဆေး၊ အားဆေးများကို ထောက်ပံ့ပေးကာ မွေးမြူရေးဇုံတွင် မွေးမြူထားရှိသည့် ဥစားကြက်မွေးမြူရေးခြံ၊ အသားတိုးမျိုးဝက်မွေး မြူရေးခြံ၊ ဒေသနွားမွေးမြူရေးခြံများအား လိုက်လံကြည့်ရှုအားပေးခဲ့သည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်၊ အစိုးရအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများသည် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် ပြည်နယ်အပ်နှံရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသော လှိုင်းဘွဲမြို့နယ် ကရပ်ကွက် ရွှေဂွန်းလမ်း ဖြတ်ကျော်တည်ဆောက်မည့် လှိုင်းဘွဲချောင်း လူကူးကြိုးတံတား (၂၄၀)ပေ တည်ဆောက်ခြင်းလုပ်ငန်း တံတားတစ်စင်းလုံးပြီးစီးမှု ၂၁ % ဆောင်ရွက်ပြီးစီးမှုများအား ကြည့်ရှုစစ်ဆေးရာ တံတားဦးစီးဌာန၊ အထူးအဖွဲ့(၁၄)မှ တာဝန်ရှိသူများက တံတားလုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းတင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က သတ်မှတ်စံချိန် စံနှုန်းများနှင့်အညီ အချိန်မီပြီးစီးနိုင်ရေး ကြိုးပမ်းဆောင်ရွက်ကြရန် မှာကြားခဲ့သည်။
ထို့အပြင် ပြည်နယ်ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်များက ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် ပြည်နယ် ငွေလုံးငွေရင်း ရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသည့် ဘားအံ-လှိုင်းဘွဲလမ်း (၂၈)ကီလိုမီတာ ၂၄ ပေ ကတ္တရာလမ်း တိုးချဲ့ခြင်းလုပ်ငန်းအား ကြည့်ရှု့စစ်ဆေးရာ လမ်းဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်က သတ်မှတ်စံချိန်စံနှုန်း၊ သတ်မှတ်ကာလအတွင်း ပြီးစီးနိုင်ရေး ကြိုးပမ်းဆောင်ရွက်ရန် မှာကြားခဲ့သည်။
ဆက်လက်၍ လှိုင်းဘွဲမြို့နယ်၊ ဒိုင်းပြကုန်းကျေးရွာရှိ အထွက်နှုန်း တိုးတက်ရေးနည်းပညာပေး စံပြကွက် (၆ ဒဿမ ၆ ပေ x ၆ ဒဿမ ၆ ပေ) ပတ်လည် ဧရိယာ ပတ်လည်စံကွက်သုံးကွက်အား ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာနနှင့် စိုက်ပျိုးရေးဦးစီးဌာန ဝန်ထမ်းများ၏ စံကွက်ရိတ်သိမ်းနေမှုအား ကရင်ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့ကြောင်း သတင်းရသည်။
ပြည်နယ်(ပြန်/ဆက်)