ပြည် ဒီဇင်ဘာ ၁
၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း) အခြေခံပညာကျောင်းများမှ အခြေခံပညာအထက်တန်းဆင့်သင် ဆရာ၊ ဆရာမများအား သင်ထောက်ကူပစ္စည်းများ လက်တွေ့အသုံးချသင်ကြားနိုင်ရေး အရည်အသွေးမြှင့်မွမ်းမံသင်တန်းဖွင့်ပွဲ အခမ်းအနားကို ပြည်တက္ကသိုလ်ဘက်စုံသုံးခန်းမ၌ ယမန်နေ့ နံနက်ပိုင်းက ကျင်းပခဲ့သည်။
ဦးစွာ ပြည်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းအောင်က အဖွင့်အမှာစကားပြောကြားသည်။ ဆက်လက်၍ ပြည်တက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာသက်လွင်က "သင်ထောက်ကူပစ္စည်းများ လက်တွေ့အသုံးချမှုမှာ လွန်စွာအရေးကြီးပြီး လက်တွေ့လုပ်ဆောင်ခြင်းကြောင့် သင်ယူမည့်အကြောင်းအရာ၏ ၇၅ရာခိုင်နှုန်းကျော်ကို ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများရရှိစေမည်ဖြစ်၍ စနစ်သစ်ပညာရေး၏ရည်မှန်းချက်များ အောင်မြင်စေရန် အထောက်အကူပေးနိုင်မှာဖြစ်ကြောင်း၊ ပညာရေးဝန်ကြီးဌာနအနေဖြင့် ကျောင်းများအတွက်အရည်အသွေးပြည့်မီသော သင်ထောက်ကူပစ္စည်းများ ဆက်လက်ဖြည့်ဆည်းပေးနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း၊ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် သိပ္ပံဘာသာရပ်များ စာတွေ့/လက်တွေ့သင်ကြားရာတွင် အရည်အသွေးရှိသော သင်ထောက်ကူပစ္စည်းများကိုအသုံးပြုခြင်းဖြင့် ဘာသာရပ်ဆိုင်ရာ သင်ခန်းစာများကို ပိုမိုနားလည်စေမည်ဖြစ်ကြောင်း၊ သို့ဖြစ်၍ တန်ဖိုးကြီးသော သင်ထောက်ကူပစ္စည်းများကို တန်ဖိုးရှိစွာ သင်ကြားသင်ယူဆောင်ရွက်ကြစေလိုကြောင်းနှင့် ဆရာ၊ ဆရာမများအနေဖြင့်လည်း ကျောင်းသား၊ ကျောင်းသူများကို လက်တွေ့ခန်းသုံးပစ္စည်းများကို ကျွမ်းကျင်စွာအသုံးပြုတတ်အောင် စေတနာထားသင်ကြားပေးစေလိုကြောင်း " အမှာစကားပြောကြားသည်။
ယခုသင်တန်းကို နိုဝင်ဘာ ၃၀ ရက်မှ ဒီဇင်ဘာ ၁ ရက်နေ့အထိ ၂ ရက်ကြာ ဖွင့်လှစ်ခြင်းဖြစ်ပြီး သင်တန်းတွင် ဓာတုဗေဒ၊ ရူပဗေဒနှင့် ဇီဝဗေဒဘာသာရပ်များ၏ သက်ဆိုင်ရာဘာသာရပ်အလိုက် သင်ထောက်ကူပစ္စည်းများ စနစ်တကျအသုံးပြုပုံ အသုံးပြုနည်းများနှင့်သီအိုရီများကို ပြည်တက္ကသိုလ်မှ ဘာသာရပ်အလိုက်တာဝန်ရှိသူများနှင့် နည်းပြများက စာတွေ့/လက်တွေ့ စနစ်တကျသင်ကြားပို့ချပေးမည်ဖြစ်ပြီး သင်တန်းသို့ ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း) (၁၄) မြို့နယ်ရှိ အခြေခံပညာကျောင်းများနှင့် ပုဂ္ဂလိကပိုင် အခြေခံပညာကျောင်းများမှ အခြေခံပညာအထက်တန်းဆင့်သင် ဆရာ၊ ဆရာမ စုစုပေါင်း သင်တန်းသား၊ သင်တန်းသူ ၉၀၁ ဦးတက်ရောက်ကြောင်း သိရသည်။
ကိုဆက်(ပြန်/ဆက်)