မုံရွာမြို့နယ်၊ တောပုကျေးရွာ၌ အလင်းသစ် စာကြည့်တိုက်အဆောက်အဦသစ် ဖွင့်လှစ်

မုံရွာ ဒီဇင်ဘာ ၁

စာကြည့်တိုက်များ ရှင်သန်ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ကျေးလက်နေပြည်သူများ စာပေအလွယ်တကူ ဖတ်ရှုလေ့လာနိုင်ရန်အတွက် မြန်မာနိုင်ငံစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှု ကော်မတီ၏ ထောက်ပံ့မှုဖြင့် ဆောက်လုပ်ပြီးစီးသည့် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်၊ တောပုကျေးရွာ၊ အလင်းသစ်စာကြည့်တိုက် အဆောက်အဦသစ်ဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ စာကြည့်တိုက်အဆောက်အဦးကို တောပုကျေးရွာအုပ်ချုပ်ရေးမှူး ဦးတင်ငွေ၊ ကျေးရွာစာကြည့်တိုက် ကော်မတီဝင်များဖြစ်ကြသော ဦးချစ်သင်း၊ ဦးသိန်းလင်း၊ ဦးအောင်တင်ဝင်းနှင့် ဦးသိန်းမြင့်တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးသည်။ ဆက်လက်ပြီး တောပု ကျေးရွာအုပ်ချုပ်ရေးမှူး ဦးတင်ငွေက  စာကြည့်တိုက် ဆောက်လုပ်ဖွင့်လှစ်နိုင်မှုနှင့် ရေရှည် ရှင်သန်ရေးအတွက် ထိန်းသိမ်းရေး လုပ်ငန်းများအကြောင်းကို ရှင်းလင်းဆွေးနွေးသည်။

ထို့နောက် တက်ရောက်လာသည့် ကျေးရွာသူ၊ ကျေးရွာသားများနှင့် ကျောင်းသား၊ ကျောင်းသူများက အလင်းသစ် စာကြည့်တိုက်အတွင်း လှည့်လည်ကြည့်ရှုပြီး စိတ်ပါဝင်စားစွာ စာအုပ်များ ဖတ်ရှုကြသည်။

မုံရွာမြို့နယ်၊ တောပုကျေးရွာ အလင်းသစ် စာကြည့်တိုက်သည် အလျား (၂၇)ပေ၊ အနံ (၂၅)ပေ၊ အမြင့် (၁၂)ပေရှိ RC တစ်ထပ် အမျိုးအစားဖြစ်ပြီး မြန်မာနိုင်ငံ စာကြည့်တိုက်များ ဖွံ့ဖြိုး တိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှု ကော်မတီမှ ထောက်ပံ့ငွေ ကျပ်သိန်း(၁၅၀)၊ ပြည်သူထည့်ဝင်ငွေ ကျပ်သိန်း (၄၅၀)ကျော်၊ စုစုပေါင်း ကျပ်သိန်း (၆၀၀)ကျော်ဖြင့် ၂၀၂၄-ခုနှစ် ဇူလိုင်လက စတင်ဆောက်လုပ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)