ကန့်ဘလူ ဒီဇင်ဘာ ၁
(၆၂)ကြိမ်မြောက် ရွှေသိမ်တော်ဘုရားပွဲတော် အထိမ်းအမှတ်အဖြစ် အမျိုးသား/အမျိုးသမီး အလွတ်တန်း ဖူဆယ်ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ခြင်း အခမ်းအနားကို စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ကန့်ဘလူမြို့ အမှတ်(၄)ရပ်ကွက်ရှိ အခြေခံပညာမူလတန်းကျောင်းတွင် ယမန်နေ့ နံနက် ၉ နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ အမျိုးသမီးအလွတ်တန်းဖူဆယ်ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲကစားရာတွင် ကျောက်စိမ်းအသင်းနှင့် မြင့်မိုရ်ကိုယ်ပိုင်ကျောင်းအသင်းတို့ ယှဥ်ပြိုင်ကစားရာ ကျောက်စိမ်းအသင်းက ၅ ဂိုး ၁ ဂိုးဖြင့် အနိုင်ရရှိသွားသည်။ ဆက်လက်၍ အမျိုးသားအလွတ်တန်း ဖူဆယ်ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲတွင် ဂျမ်းဂျမ်းအသင်းနှင့် ဆုကိုယ်ပိုင်ကျောင်းအသင်းတို့ ယှဥ်ပြိုင်ကစားခဲ့ရာ ဂျမ်းဂျမ်းအသင်းက ၃ ဂိုး ၁ ဂိုးဖြင့် အနိုင်ရဗိုလ်စွဲသွားသည်။
ထိုနောက် ဆုချီးမြှင့်ပွဲကျင်းပရာ အမျိုးသား/အမျိုးသမီး အလွတ်တန်း ဖူဆယ်ဘောလုံးပြိုင်ပွဲနှင့် အမျိုးသားပိုက်ကျော်ခြင်း အလွတ်တန်းပြိုင်ပွဲများတွင် ပထမ၊ ဒုတိယနှင့်တတိယဆု ရရှိသည့်အသင်းများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ခေတ္တဥက္ကဋ္ဌ ဗိုလ်မှူးဖြိုးမင်း၊ ခေတ္တမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဆန်းလင်းအောင်နှင့်တာဝန်ရှိသူများက တစ်ဦးချင်းဆုတံဆိပ်များနှင့် ဆုငွေများကို အသီးသီးပေးအပ်ချီးမြှင့်ခဲ့သည်။ အဆိုပါ ပြိုင်ပွဲများကို နိုဝင်ဘာ ၂၆ ရက်က စတင်ကစားခဲ့ခြင်းဖြစ်ပြီး အမျိုးသားဖူဆယ်ပြိုင်ပွဲတွင် ၁၈ သင်း၊ အမျိုးသမီးဖူဆယ်ပြိုင်ပွဲတွင် ၇ သင်းနှင့် အမျိုးသားအလွတ်တန်း ပိုက်ကျော်ခြင်းပြိုင်ပွဲတွင် ၅၁ သင်းတို့က ဝင်ရောက်ယှဥ်ပြိုင်ခဲ့ကြကြောင်း ပြိုင်ပွဲကျင်းပရေးကော်မတီထံမှ သိရသည်။
အောင်ဝင်းငြိမ်း(ကန့်ဘလူ)