ကျွန်းလှမြို့နယ်၌ မိုးစပါး စံကွက်ရိတ်သိမ်း

ကျွန်းလှ ဒီဇင်ဘာ ၁

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ယခုနှစ် စိုက်ပျိုးသော မိုးစပါး တစ်ဧက အထွက်နှုန်းသိရှိရန်အတွက် ယမန်နေ့က မန်ကျည်းအင်းကျေးရွာ၊ တောင်သူ ဒေါ်ရွှေဝ၏ ပန်းတိုင်အထွက်စံပြကွက် ဧရာမင်း စပါးမျိုး (၅) ဧကစိုက်ခင်း၌ စံကွက်ရိတ်သိမ်းကြောင်း သိရသည်။

ထိုသို့ စံကွက်ရိတ်သိမ်းရာတွင် ၆ ဒသမ ၆ ပေ ပတ်လည်ဖြင့် စပါးစိုက်ခင်းအတွင်း သုံးနေရာရိတ်သိမ်းရာ တစ်ဧက ပျှမ်းမျှအထွက်နှုန်း စပါးအစိုထွက် ၁၁၂ တင်းထွက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ကျွန်းလှမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ခုနှစ်၊ မိုးသီးနှံစိုက်ပျိုးရာသီ၌ မိုးစပါး ၃၄၀၉၈ ဧက စိုက်ပျိုးခဲ့ပြီး ဒေသရာသီဥတုနှင့်ကိုက်ညီသည့် ဧရာမင်း၊ မနောသုခ၊ ရွှေသွယ်ရင်၊ ချမ်းမြေ့မေ စပါးမျိုးများစိုက်ပျိုးကြကြောင်း သိရသည်။

မျိုးဝင်းညို ကျွန်းလှ