ကျွန်းစုမြို့တွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် မီးငြှိမ်းသတ်နည်းများ ဇာတ်တိုက်လေ့ကျင့်သရုပ်ပြ ပညာပေးဆောင်ရွက်

ကျွန်းစု ဒီဇင်ဘာ ၁

တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် မြို့နယ်မီးသတ်ဦးစီးဌာနက မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် မီးငြှိမ်းသတ်နည်းများ ဇာတ်တိုက်လေ့ကျင့်သရုပ်ပြခြင်းကို ယမန်နေ့ နံနက် ၉ နာရီ အချိန်က မြို့နယ်ပြည်သူ့ဆေးရုံ၌ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဦးအောင်စိုးမောင်က မီးလောင်မှု၊ မီးလန့်မှုမဖြစ်ပွားစေရေး၊ မီးသတိမူရေး၊ မီးဘေးကြိုတင်ကာကွယ်ရေးအတွက် ပြုလုပ်ရခြင်းဖြစ်ကြောင်း အသိပညာပေးပြောကြားခဲ့သည်။

ထိုနောက် မီးသတ်တပ်ဖွဲ့ဝင်များက ရေစိုအဝတ်ဖြင့်ဖုံးအုပ်၍ မီးငြှိမ်းသတ်နည်း၊ မီးသတ်ဆေးဗူးဖြင့် မီးငြိမ်းသတ်နည်း၊ ဂက်စ်အိုးစနစ်တကျအသုံးပြုနည်းတို့ကို ပညာပေးသရုပ်ပြခဲ့ကြပြီး တက်ရောက်လာသူများအား လက်တွေ့စမ်းသပ်ငြှိမ်းသတ်ခဲ့ကြရာ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာရဲမင်းဦးနှင့်တာဝန်ရှိသူများ၊ ကျန်းမာရေးဝန်ထမ်းများက ကြည့်ရှူအားပေးခဲ့ကြသည်။

ဆက်လက်၍ မီးသတ်တပ်ဖွဲ့ဝင်များက မီးသတ်ယာဉ်ဖြင့် မီးငြှိမ်းသတ်နည်းများ ဇာတ်တိုက်လေ့ကျင့်ခဲ့ပြီး ပြည်သူ့ဆေးရုံအတွင်းရေပေးဝေမှုနှင့် မီးသတ်ဆေးဗူးများထားရှိမှု အခြေအနေများကို လိုက်လံစစ်ဆေးခဲ့ကာ လိုအပ်သည်များမှာကြားခဲ့ကြောင်း သိရသည်။

ထက်မြင့်(ကျွန်းစု)