တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကို တိုင်းဒေသကြီးအဆင့် သင်ထောက်ကူပစ္စည်းများ လက်တွေ့အသုံးချသင်ကြားနိုင်ရေး အခြေခံပညာ အထက်တန်းအဆင့်သင် ဆရာ/မများ အရည်အသွေးမြှင့် ဆွေးနွေးပွဲတက်ရောက်

မြိတ် ဒီဇင်ဘာ ၁

တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကိုသည် တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်ပိုက်ပိုက်အေး၊ တိုင်းဒေသကြီးဝန်ကြီးများ၊ တိုင်းဒေသကြီး/ ခရိုင်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ မြိတ်တက္ကသိုလ် ပုလဲသစ္စာခန်းမ၌ နိုဝင်ဘာ(၃၀)ရက် နေ့လယ်ပိုင်းက တိုင်းဒေသကြီးအဆင့် Grade 10, 11, 12 (သင်ရိုးသစ်) သင်ထောက်ကူပစ္စည်းများ လက်တွေ့အသုံးချ သင်ကြားနိုင်ရေး အခြေခံပညာအထက်တန်းအဆင့် ဓာတုဗေဒ၊ ရူပဗေဒနှင့်ဇီဝဗေဒ ဘာသာရပ်သင်ဆရာ/မများ အရည်အသွေးမြှင့်ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့ကြသည်။

ဆွေးနွေးပွဲတွင် ဝန်ကြီးချုပ် ဦးမြတ်ကိုက ကျောင်းသား/သူလူငယ်များ ဘက်စုံထူးချွန် ထက်မြက်ပြီး နိုင်ငံတကာအဆင့်မီ ပညာရည်မြင့်မားရန်နဲ့ အရည်အသွေးမြင့်မားသည့် လူ့စွမ်းအားအရင်းအမြစ်များ ပေါ်ထွန်းလာစေရန် မျှော်မှန်းချက်များကို အောင်အောင်မြင်မြင် ဆောင်ရွက်နိုင်ရန်အတွက် ဆရာ/မများ အရည်အသွေးမြင့်မားမှသာ အရည်အသွေးမြင့်မားသည့် ကျောင်းသား/သူများကို မွေးထုတ်နိုင်မှာဖြစ်ပြီး ပညာအရည်အသွေးမြင့်မားမှ နိုင်ငံတော်အတွက် အသိပညာရှင် အတတ်ပညာရှင် မျိုးဆက်သစ်လူငယ်တွေကို မွေးထုတ်နိုင်မှာဖြစ်ကြောင်း၊ မိမိတို့ကျောင်း၊ မိမိတို့မြို့နယ်နှင့်   မိမိတို့တိုင်း၏ဂုဏ်ကို ဆောင်နိုင်သည့် ကျောင်းသား/သူ လူငယ်များ မွေးထုတ်နိုင်ဖို့ဆိုတာ ဆရာ/မတွေက အခန်းကဏ္ဍတစ်ရပ်အနေနဲ့ပါဝင်ကြောင်း၊ ဆရာ/မများအနေဖြင့် အနာဂတ်နိုင်ငံတော်ရဲ့ ပခုံးပြောင်းတာဝန်များကို လက်ဆင့်ကမ်းယူကြရမည့် ကျောင်းသား/သူ မျိုးဆက်သစ်များ၏ ပညာရည်မြင့်မားရေးအတွက် အစွမ်းကုန်ကြိုးစားကြစေလိုကြောင်း၊ ပညာရည်ပြည့်ဝသည့် နိုင်ငံ့သားကောင်း ရတနာများ ပေါ်ထွက်လာမှသာ တိုင်းပြည်ရဲ့ အနာဂတ်ဟာလည်း ထွန်းလင်းတောက်ပလာမှာဖြစ်၍   ဆရာ/မ များအနေဖြင့် မိမိတို့သင်ကြားရသည့် သင်ရိုးသစ်တွေကို စာတွေ့လက်တွေ့ ပိုင်ပိုင်နိုင်နိုင်ဖြစ်ပြီး ထူးချွန်သည့် ကျောင်းသား/သူများ ပေါ်ထွက်လာအောင် ကြိုးစားကြစေလိုကြောင်း ပြောကြားသည်။

အဆိုပါဆွေးနွေးပွဲကို ဓာတုဗေဒ၊ ရူပဗေဒနှင့် ဇီဝဗေဒဘာသာရပ်သင် ဆရာ/မများ သင်ထောက်ကူ ပစ္စည်းများ လက်တွေ့အသုံးချသင်ကြားနိုင်ရန်နှင့် သင်ကြားမှုအရည်အသွေးမြှင့်မားလာစေရန် ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ဘာသာရပ်အလိုက် နိုဝင်ဘာ(၃၀)ရက်နှင့် ဒီဇင်ဘာ(၁)ရက်ထိ သင်တန်းကာလ(၂)ရက်စီ ဆွေးနွေးသွားကြမည်ဖြစ်ကာ ဘာသာရပ်အလိုက် ဆရာ/မ(၂၅၉)ဦး တက်ရောက်ခဲ့ကြသည်။

ထိုမှတဆင့် ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မြိတ်တက္ကသိုလ် အဏ္ဏဝါသိပ္ပံဌာနတွင် သုတေသနပြုလုပ်အောင်မြင်ထားရှိသည့် စားကမာမွေးမြူရေး၊ ပင်လယ်ရေမှော်မွေးမြူရေး၊ အစာမျောလှေးမွေးမြူရေး ဆောင်ရွက်ထားရှိမှုများအား ကြည့်ရှုအားပေးခဲ့ကြပြီး သုတေသန ပြုလုပ်ရန် လိုအပ်သည့် ရေငုပ်ပစ္စည်းများကို ပေါင်းစပ်ညှိနှိုင်းဆောင် ရွက်ပေး၍ ဒီရေတောဗီဇပျိုးဥယျာဉ်တွင် ရှားပါးမျိုးစိတ်(၁၅)မျိုး ပျိုးထောင်ထားရှိမှုအား ကြည့်ရှုအားပေးခဲ့ကြသည်။

မြိတ်တက္ကသိုလ် အဏ္ဏဝါသိပ္ပံဌာနအနေဖြင့် စားကမာမွေးမြူရေးကို  ကမာသားပေါက် ထုတ်နိုင်သည်အထိ သုတေသန(၂)နှစ်ဆောင်ရွက်ထားရှိပြီးဖြစ်ကာ ပင်လယ်ရေမှော်မွေးမြူရေးအနေဖြင့်လည်းပင်လယ်တွင် ရာသီမရွေး စိုက်ပျိုးနိုင်သည့် ရေမှော်များကို သုတေသနပြုလုပ်နိုင်ခဲ့ပြီးဖြစ်ကြောင်း ထို့အတူ တက္ကသိုလ်အတွင်း ဒီရေတောဗီဇ ပျိုးဥယျာဉ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။  

ခိုင်ထူး (ပြန်/ဆက်)