ကသာ ဒီဇင်ဘာ ၁
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာပေချစ်မြတ်နိုးသူများအသင်းတို့ ပူးပေါင်းကာ စာပေဖတ်ရှုသည့် အလေ့အထကောင်းများ ရရှိစေရန်နှင့် စာဖတ်ရှိန်မြင့်မားစေရန် ရည်ရွယ်၍ စာရေးဆရာ ရန်ကုန်ဘဆွေရေးသားသည့် “မြန်မာပြည်သား” စာအုပ်ဖြင့် စာဖတ်ဝိုင်းကို လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယမန်နေ့ နံနက် (၁၁) နာရီအချိန်က ပြုလုပ်ခဲ့သည်။
စာဖတ်ဝိုင်းပြုလုပ်ရာတွင် ကသာခရိုင်၊ ကသာမြို့ Book Club အဖွဲ့ဝင် မြို့နယ်စာရေးဆရာ အသင်းဥက္ကဋ္ဌ ဦးဘမောင် (ကိုဘကသာ)က စာဖတ်ဝိုင်းပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး စာရေးဆရာ ရန်ကုန်ဘဆွေ ရေးသားသည့် “မြန်မာပြည်သား” စာအုပ်တွင် ပါရှိသည့် အကြောင်းအရာများကို ဦးဆောင်ဆွေးနွေးခဲ့သည်။ ဆက်လက်၍ ဒုတိယဦးစီးမှူး ဒေါ်ငြိမ်းအိအိဖြိုးကလည်းကောင်း၊ Book Club အဖွဲ့ဝင် ဒေါ်ချိုချိုပြုံးမြင့်နှင့် စာဖတ်ဝိုင်းသို့ တက်ရောက်လာကြသော စာပေချစ်မြတ်နိုးသူများက ဆောင်းပါးနှင့် ပတ်သက်၍ မိမိတို့၏ အတွေးအမြင်ရသများကို အသီးသီးဆွေးနွေးခဲ့ကြသည်။
ထို့နောက် ကသာမြို့နယ် စာရေးဆရာအသင်းဥက္ကဋ္ဌ ဦးဘမောင်နှင့် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စောကလျာတို့က စာပေချစ်သူများ၏ ဆွေးနွေးချက်များအပေါ် ပြန်လည်သုံးသပ်ဆွေးနွေးရာတွင် လူတစ်ယောက်နှင့်တစ်ယောက် အဓိပ္ပာယ်ဖွင့်ဆိုမှုချင်း မတူညီကြသော်လည်း မြန်မာပြည်သား စာအုပ်အပေါ် သုံးသပ်ဆွေးနွေးကြခြင်းဖြင့် အသိအမြင်များ တိုးတက်လာမည်ဖြစ်ကြောင်း၊ စာဖတ်ခြင်းဖြင့် ဖြစ်ရပ်များအပေါ် သင်ခန်းစာယူပြီး အနာဂတ်ကို ပုံဖော်နိုင်မည်ဖြစ်ကြောင်းနှင့် မိမိတို့၏လိုအပ်ချက်များကို သိရှိလာပြီး ပြုပြင်ပြောင်းလဲဆောင်ရွက်သွားကြရန် တိုက်တွန်းကြောင်းတို့ကို ဖြည့်စွက်ဆွေးနွေးခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)